နန်းလွင်နှင်းပွင့်၊ တင်ဇာအောင်
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မူကြမ်းတစ်ခုတည်းရေးဆွဲရာတွင် တိုင်းရင်းသားတို့ဘက်က မူကြမ်းပါ ဖက်ဒရယ်စနစ်ကို တပ်မတော်ဘက်မှ လက်ခံနိုင်ရန် ညှိနှိုင်းရှင်းလင်း ပြောပြနေရဆဲပင်ဖြစ်သည်ဟု တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင် ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက မဇ္ဈိမကို ပြောသည်။
“သူတို့က အမိန့်နဲ့ သွားရတယ်။ အဲဒါ ကိုတော့ နားလည်ပေးရမယ်။ ချက်ချင်း လက်မခံပေးနိုင်တာလဲ ဖြစ်မယ်။ ပထမရက်မှာတော့ တော်တော်ညှိလိုက်ရတယ်။ အခု ဒုတိယရက်ကတော့ ပြောရရင် အဆင်ပြေ သလောက် ဖြစ်နေပါပြီ” ဟု ၎င်းက ပြောသည်။
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအဖွဲ့များ၏ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်းတစ်ခုတည်း ရေးဆွဲရာတွင် နှစ်ဖက်စလုံးတွင် ခံတုတ်သဖွယ်ချထားသည့် အပိုင်းများရှိနေ၍ အချိန်ယူ ဆွေးနွေးမှုများ ပြုလုပ်ရသည်ဟုလည်း NCCT ၏ အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဧပြီ ၇ ရက်တွင်ပြော ကြားလိုက်သည်။ ဗိုလ်မှူးကြီး ခွန်ဥက္ကာက သုံးရက်မြောက် ဆွေးနွေးပွဲအပြီး သတင်းမီဒီယာများနှင့် တွေ့ဆုံ စဉ် မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေကြားလိုက်ခြင်းဖြစ်သည်။
“ခက်တယ်လို့တော့ မဟုတ်ဘူး။ ပြောရရင်တော့ အင်္ဂလိပ်လိုတော့ trench (ခံကတုတ်)ပေါ့။ ဒီလိုစာချုပ်တွေမှာ နှစ်ဖက်စလုံးက ဆွေးနွေးညှိနှိုင်းတယ်ဆိုပေမယ့် နှစ်ဖက်မှာ trench လို့ခေါ်တဲ့ ခံကတုတ်သဖွယ် ချထားတဲ့မူတွေကတော့ အခိုင်အမာ ရှိကြတာပေါ့။ အဲဒီလို ခိုင်တဲ့ အပိုင်းလေးတွေမှာ ဆွေးနွေးတယ်ဆို ရင် ညှိရတာ အချိန်ယူရတာပေါ့။ တစ်ခါမရတစ်ခါ ပြန်ညှိဖို့ရှိတယ်”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။
ယင်းသို့ ဆွေးနွေးရခြင်းနှင့် ပတ်သက်၍လည်း အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီမှ အကြီးတန်း အရာရှိ ဦးလှမောင်ရွှေကလည်း “ခုချိန်အထိ ညှိနှိုင်းရတာ အရမ်းခက်ခက်ခဲခဲတော့ မရှိပါဘူး။ ဒါပေမဲ့ နှစ်ဖက်ရဲ့ ရပ်တည်ချက်တွေ ရှိနေတော့ ညှိနှိုင်းရတာ အချိန်တစ်ခုတော့ လိုတာပေါ့။ ယုံကြည်မှု တွေ ပိုရှိလာတာနဲ့အမျှ ညှိနှိုင်းရတာ ပိုပြီးလွယ်လာပါတယ်”ဟု မဇ္ဈိမကို ပြောသည်။
အပစ်ရပ်မူကြမ်းတစ်ခုတည်း ရေးဆွဲရန် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ဆွေးနွေးပွဲကို ဧပြီ ၅ ရက်မှ စတင်၍ မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) တွင် စတင်ဆွေးနွေးရာ မူလက နှစ်ရက် သတ်မှတ်ထားသော်လည်း မပြီးပြတ်သောကြောင့် ဆက်လက်ဆွေးနွေးနေပြီး ဧပြီ ၈ ရက်တွင်မူ မူကြမ်းတွင် ပါဝင်မည့် အခန်း ခုနစ်ခန်းစလုံး ပြီးပြတ်နိုင်မည်ဟု မျှော်မှန်းသည်ဟုလည်း နှစ်ဖက်တာဝန် ရှိသူများက ဆိုသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆွေးနွေးပွဲ အဆင့်ဆင့်တွင် လတ်မှတ်ရေးထိုးခဲ့ကြသည့် ပဏာမ သဘောတူညီမှု စာချုပ်တိုင်းတွင် ဖက်ဒရယ်မူ၊ တန်းတူ အခွင့်အရေးရရှိရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးပါရှိပြီးသားဖြစ် သည်ဟုလည်း ဒေါက်တာလျန်မှုန်းဆာခေါင်းက ဆိုသည်။
အပစ်အခတ်ရပ်စဲရေးတွင်တပ်မတော်ဘက်က ဆွေးနွေးမှုကောင်းလာခြင်းနှင့် ပတ်သက်၍လည်း ဒေါက်တာ လျန်မှုန်းဆာခေါင်းက “အထူးသဖြင့် အပစ်အခတ် ရပ်စဲရေးကိစ္စမှာ မပစ်ဖို့ မတိုက်ဖို့ မခိုက်ဖို့ဆိုတာ တပ်မတော် အလုပ်လေ။ အခု တပ်မတော်အင်အားက တော်တော်လေး ကောင်းလာတယ်။ ဒါက ရလဒ် ကောင်းအတွက်လို့ ပြောနိုင်တယ်”ဟု ဆိုသည်။
“တပ်မတော်ဘက်က နိုင်ငံရေးအခြေခံမူတွေနဲ့ပတ်သက်ပြီး ချက်ချင်းလက်မခံနိုင်တဲ့သဘောကို ပြတယ်။ ပထမရက်မှာ ဘာမှမပြီးဘူး၊ ဒါ့ကြောင့် ရှေ့ဆက်သွားနိုင်ဖို့ သဘောတူတယ် မတူဘူးဆိုတာကို မပြောဘဲ ကိုယ့်မူ သူ့မူထဲမှာ ဘာလို့ဒီအချက်တွေကို ထည့်တယ်ဆိုတာ အချင်းချင်း ရှင်းပြတယ်။ ပြီးမှ ခေါင်းဆောင် တွေနဲ့ ပြန်ညှိမယ်”ဟု ပြောသည်။
လက်ရှိတွင် အခန်းငါးခန်း ဆွေးနွေးပြီး ဖြစ်ကာ ကွဲလွဲမှုများရှိနေသော်လည်း ညှိနှိုင်းဆောင်ရွက်မှု များဖြင့် ဆွေးနွေးသည်ဟုလည်း NCCT ၏ ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက ပြောသည်။
ပဒိုကွယ်ထူးဝင်းက “နားလည်မှု တိုးတက်လာတယ်။ အခန်းကဏ္ဍ တော်တော်များများ ပြီးစီးအောင်လုပ် နိုင်တယ်။ အချို့ အချက်တွေမှာ ပြန်လည်ဆွေးနွေးရမယ့် အချက်တွေရှိတယ်။ သဘောမတူဘူးဆိုတာတော့ မဟုတ်ဘူး။ ပြန်လည် ဆွေးနွေးရမှာတွေ ရှိတယ်။ အားရမှုရှိတဲ့ ညှိနှိုင်းဆွေးနွေးမှုပါ”ဟု ဆိုသည်။
လက်ရှိ ဆွေးနွေးထားသော အခန်းငါးခန်းမှာ နိဒါန်းအပါအ၀င် အခန်း(၁) အခြေခံမူများ၊ အခန်း(၂) ဦး တည်ချက်နှင့် ရည်ရွယ်ချက်၊ အခန်း (၃) အပစ်အခတ်ရပ်စဲရေးဆိုင်ရာကိစ္စရပ်များ၊ အခန်း(၄) အပစ်အခတ် ရပ်စဲရေးကိုခိုင်မာစေရန် လုပ်ဆောင်ရမည့်နည်းလမ်းများနှင့် အခန်း(၅) နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ အာမ ခံချက်များ တို့ဖြစ်သည်။ ဆက်လက်ဆွေးနွေးရန် ကျန်ရှိနေသော အခန်းများမှာ အခန်း(၆) ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် အခန်း(၇) အထွေထွေတို့ ဖြစ်သည်။
အဆိုပါ အခန်းခုနစ်ခန်းစလုံးကို ဧပြီ ၈ ရက်တွင် အပြီးဆွေးနွေးမည်ဖြစ်ပြီး မူကြမ်းဆွေးနွေးပြီးပါက ယခုဆွေးနွေးပွဲတွင် မပါဝင်သော အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကိုလည်း ချပြသွားမည်ဖြစ်သည်ဟုလည်း ဦးလှမောင်ရွှေက ဆိုသည်။
No comments:
Post a Comment