မြတ်သူရ
သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို လေးစားသောအားဖြင့် ရန်ကုန်မြို့ရှိ နေရာ လေးခု တွင် ဧပြီလ ၂၂ ရက်က ဆရာကြီးကို လေးစားသော လူငယ်များက Graffiti ရုပ်ပုံများ ရေးဆွဲကာ ဂုဏ်ပြုခဲ့ကြသည်။
ဟံသာဝတီ ဦးဝင်းတင်ကို လေးစားသောအားဖြင့် ရန်ကုန်မြို့ လှည်းတန်းဂုံးကျော်တံတား၊ ရှစ်မိုင်၊ ကမ္ဘာအေးဘုရားလမ်း နှင့်မြောက်ဥက္ကာလပ မြို့နယ် နေရာများတွင် ဟံသာဝတီ ဦးဝင်းတင်၏ Graffiti ရုပ်ပုံများကို ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ရေးဆွဲခြင်း သည် မတရားအမိန့် အာဏာ ဟူသမျှကို နောက်မျိုးဆက်လူငယ်များကလည်း သဘောမတူကြောင်း ပြသလိုသခြင်း ဖြစ်သည်ဟု ဦးဆောင်ပါဝင်ခဲ့သည့် ကိုဒီငြိမ်းလင်းက မဇ္ဈိမကို ပြောသည်။
" ယနေ့ခေတ်ကာလမှာ အားလုံးသိတဲ့အတိုင်းပဲ။ မတရား ဥပဒေတွေ ၊ နည်းဥပဒေ တွေ အများကြီး ကျန်သေးတယ်။ ဒီမိုကရေစီ စနစ်နဲ့ မကိုက်ညီမှုတွေ ရှိပါတယ်။ ဒါတွေကို ပုံဖော်တာရယ်။ အဘရယ် အငွေ့အသက်တွေ ၊ စိတ်ဝိညာဉ်တွေ ကျွန်တော်တို့ ဆီမှာ ရှိနေသေးတယ်။ ဒါတွေကို ကျွန်တော်တို့ ပြန်ပုံဖော်တဲ့ သဘောပါ"ဟု ကိုဒီငြိမ်းလင်းက ဆိုသည်။
သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်သည် ဧပြီလ ၂၁ ရက် နံနက် ၆ နာရီခွဲ အချိန်ခန့်က ရန်ကုန်ဆေးရုံကြီးတွင် ကွယ်လွန် ခဲ့ပြီး ဧပြီလ ၂၃ ရက်တွင် ၎င်း၏ ရုပ်ကလာပ်ကို ရန်ကုန်မြို့ရှိ ရေဝေးသုဿာန်တွင် ဂူသွင်းသင်္ဂြိုလ်ခဲ့သည်။
၎င်း၏ ဈာပန အခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် အဖွဲ့ချုပ် နာယက ဦးတင်ဦး အပါအဝင် ၈၈မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကျောင်းသား ခေါင်းဆောင်များ၊ အနယ်နယ် အရပ်ရပ်ရှိ အရပ်ဘက်လူမှု့ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ တက္ကသိုလ်ကျောင်းသား သမဂ္ဂများမှ ကိုယ်စားလှယ်များနှင့် ရဟန်းရှင်လူ ပြည်သူများ တက်ရောက် ဂါရဝပြုခဲ့ကြသည်။
No comments:
Post a Comment