ဇော်ဇော်ထွေး
ငွေကျပ် ၂၅ သိန်း သိမ်းဆည်းထားသည့် သေတ္တာကို ခိုးယူသွားသဖြင့် အရေးယူပေးရန် တိုင်တန်းမှု တစ်ခု ကို မှော်ဘီ ရဲစခန်းက ဧပြီ ၂၀ ရက်တွင် အမှုဖွင့်၍ စုံစမ်းဖော်ထုတ်နေသည်ဟု တိုင်းရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။
အဆိုပါအမှုကို မှော်ဘီမြို့ ဆပ်သွား ကျေးရွာအုပ်စုနေ ဒေါ်သင်းသင်းအေးက အမှုဖွင့်တိုင်တန်းထားခြင်း ဖြစ်သည်။
၎င်းသည် ဧပြီ ၂၀ နံနက် ၄ နာရီ အိပ်ရာနိုးချိန်တွင် အိမ်နောက်ဖေးခန်းရှိ ငွေကျပ် ၂၅ သိန်းပါ ငွေသေတ္တာ အသေးတစ်လုံးမှာ ပျောက်ဆုံးနေသည်ကို တွေ့ရှိခဲ့ သည်ဟု ထွက်ဆိုထားသည်။
ယင်းပျောက်ဆုံးမှုတွင် တူတော်စပ်သူ ဉဏ်ဝင်းထွန်းဆိုသူအား မသင်္ကာသဖြင့် ၎င်းနေထိုင်နေသည့် ရဲဘော်ဈေးကျေးရွာ၊ ရဲဘော်ဈေးစည်ပင်ဝင်းအတွင်းရှိ ဇော်လင်း နေအိမ်သို့ သွားရောက်မေးမြန်းခဲ့သည်ဟု တရားလိုက ဆိုသည်။
အဆိုပါ ငွေသေတ္တာကို ဉဏ်ဝင်းထွန်း နှင့် ဇော်လင်းတို့က ခိုးယူခဲ့ကြောင်း သိရှိရ ပြီး ပိုက်ဆံများအား ပြန်ပေးရန်နှင့် ဉဏ်ဝင်းထွန်းအား အိမ်ပြန်လိုက်ခဲ့ရန် ခေါ်ဆောင်ရာ ဇော်လင်း၏ဖခင်ဖြစ်သူ ဦးညီညီ ၀င်းဆိုသူက ရန်ပြုခဲ့သည်ဟုလည်း တရားလိုက ရဲတိုင်တန်းရာတွင် ထွက်ဆိုထား သည်။
ယင်းကြောင့် မြိုင်သာယာကျေးရွာ ရာအိမ်မှူး ဦးကျော်လေး၊ ရုံးစာရေး ဦးသန်းတင်တို့အား ခေါ်ဆောင်၍ ထပ်မံသွား ရောက်ခဲ့ရာ ဦးညီညီဝင်းထံမှ ငွေကျပ် ၂၅ သိန်းအနက် ၁၇သိန်းအား ပြန်လည်ရရှိခဲ့ပြီး သံသေတ်္တာကိုလည်း ၎င်းင်းခြံဝင်းအတွင်းမှ ပြန်လည်ရရှိခဲ့သည်ဟုဆိုသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဉဏ်ဝင်းထွန်း၊ ဇော်လင်းနှင့် ဦးညီညီဝင်းတို့အား ခိုးယူသူအဖြစ် အရေးယူ ပေးရန် စွပ်စွဲအမှုဖွင့် တိုင်တန်းထားခြင်း ဖြစ်သည်။
ယင်းအမှုကို မှော်ဘီရဲစခန်းက (ပ) ၁၂၅/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံ ထားရသူ ဇော်လင်းနှင့် ဉဏ်ဝင်းထွန်းတို့ ကို ဖမ်းဆီးစစ်ဆေးနေပြီး ဦးညီညီဝင်းကို ဖမ်းဆီးရမိရေး စုံစမ်းနေသည်ဟု ရဲတပ်ဖွဲ့ က ဆိုသည်။
အဆိုပါအမှုတွင် ငွေသေတ္တာအား အမှန်တကယ်ခိုးယူကြောင်း စစ်ဆေးပေါ်ပေါက်ပါက စွပ်စွဲတိုင်တန်းခံ ထားရသူ များကို ပြစ်မှုပုဒ်မ ၃၈၀/၄၁၁/၁၁၄ တို့ဖြင့် တရားစွဲတင် အရေးယူသွားမည်ဟု ဆိုသည်။
No comments:
Post a Comment