Friday, April 25, 2014

တပ်မတော်သား အမျိုးသမီးအမတ် တိုင်းလွှတ်တော်တွင် ပထမဆုံးခန့်အပ်

မင်းမင်း

လွှတ်တော်သက်တမ်း သုံးနှစ်ကျော်အတွင်း တိုင်းနှင့်ပြည်နယ် လွှတ်တော်များ အတွင်း ပထမဆုံးအကြိမ် ခန့်အပ်ခဲ့သည့် ဆေးဘက်ဆိုင်ရာမှ အမျိုးသမီးတပ်မတော် သားအမတ်တစ်ဦးသည် ဧပြီ ၂၃ ရက်က ရန်ကုန်တိုင်း လွှတ်တော်အစည်းအဝေးတွင် ကတိသစ္စာပြုခဲ့သည်။

အသစ်ခန့်အပ်လိုက်သည့် အမျိုးသမီး တပ်မတော်သားအမတ်မှာ ဗိုလ်မှူး နှင်းယု ကျော်ဖြစ်ပြီး ဆေးဘက် ဆိုင်ရာမှ သူနာပြု အုပ် ဖြစ်သည်။ ၎င်းအား ဗိုလ်မှူးအဆင့်ရှိ အမျိုးသား တပ်မတော်အမတ်နှင့် ပြောင်း လဲခန့်အပ်လိုက်ခြင်းဖြစ်သည်။

အဆိုပါ အမျိုးသမီးတပ်မတော်သား အမတ်အား မည်သည့်မေးခွန်းနှင့် အဆိုများမေးမြန်းရန် အစီအစဉ်ရှိ သနည်းဟု လွှတ်တော်အစည်းအဝေးအပြီး မီဒီယာများက မေးမြန်းရာတွင် “လောလောဆယ် အစီအစဉ် မရှိသေးပါဘူး” ဟု ဖြေကြားခဲ့သည်။

ယခုကဲ့သို့ အမျိုးသမီးတပ်မတော် သားအမတ် ခန့်အပ်လိုက်မှုအပေါ် ကြိုဆို လိုက်သော်လည်းလွှတ်တော် အစည်းအဝေး များတွင် ဆွေးနွေးကြသည့်အခါ မည်သည့် သဘောထားရှိသည်ကို စောင့်ကြည့်ရမည်ဟု ဗဟန်းမြို့နယ်မှ တိုင်းအမတ် ဒေါက် တာညိုညိုသင်းက ထောက်ပြသည်။

“အမျိုးသမီးကိုယ်စားလှယ်အနေနဲ့ လွှတ်တော်ထဲတော့ ရောက်လာပါရဲ့။ သို့သော် သူက အမျိုးသား အတွက်ရော၊ အမျိုးသမီးအတွက်ရော ပြည်သူအတွက် ရော စကားမပြောဘူးဆိုရင် မရပ်တည် ဘူးဆိုရင် အလကားပဲလေ”” ဟု ဒေါက်တာ ညိုညိုသင်းက ပြောသည်။

ဆေးဘက်ဆိုင်ရာမှ အမျိုးသမီးတပ် မတော်သားအမတ်နှစ်ဦးကို ပြည်သူ့လွှတ် တော်အမတ်များအဖြစ် ယခုနှစ် ဇန်န၀ါရီ လအတွင်းက စတင်ခန့်အပ်ထားသည်။ အဆိုပါနှစ်ဦးမှာ ဒုတိယဗိုလ်မှူးကြီး စိုးစိုး မြင့်နှင့် ဒုတိယဗိုလ်မှူးကြီး စန်းသီတာခင် တို့ဖြစ်သည်။

၎င်းတို့နှစ်ဦးမှာ ပြီးခဲ့သည့် လွှတ်တော် အစည်းအဝေး နှစ်လခွဲကာလအတွင်း မေး ခွန်းနှင့်အဆိုများ မေးမြန်းဆွေးနွေးမှု တစ် စုံတစ်ရာ မရှိသေးပေ။

No comments: