Monday, April 7, 2014

မဲဆွယ်စည်းရုံးရေးကိစ္စ ပါတီများနှင့်ဆွေးနွေးရန် ကော်မရှင် စီစဉ်နေ

ရွှေရည်ဝင်းထက်

မကြာမီကာလအတွင်း နိုင်ငံရေးပါတီအားလုံးနှင့် ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်စည်းရုံးရေးဆိုင်ရာကိစ္စ များ တွေ့ဆုံဆွေးနွေးရန် စီစဉ်နေသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသောင်းလှိုင်က ဧပြီ ၃ ရက်တွင် မဇ္ဈိမကိုပြောသည်။

“ကျွန်တော်ထင်ပါတယ်။ သင်္ကြန်ပြီးရင်တော့ ကျွန်တော်တို့ ရွေးကောက်ပွဲကော်မရှင်ကနေပြီး နိုင်ငံရေး ပါတီအကုန်လုံးနဲ့ တွေ့ဆုံဖို့ရှိပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲအတွက် လမ်းမှာ မဲဆွယ်စည်းရုံးရေးလုပ် မယ်။ ပြည်သူတွေဘက်ကကြည့်ရင် ဒါကလမ်းပိတ်တယ်ပေါ့ဗျာ။ ဒါကို နိုင်ငံရေးပါတီတွေ ဘက်က မလုပ် ရဘူး။ နိုင်ငံရေးပါတီဘက်က ဆောင်ရန်၊ ရှောင်ရန်တွေ၊ နောက်ပြီး သူတို့ဘက်က အကြံပြုလာတဲ့ အကြံ ပြုချက်တွေကိုလည်း နားထောင်ပြီး ဆွေးနွေးမှာပါ”ဟု ၎င်းက ပြောသည်။

ယင်းနှင့်စပ်လျဉ်း၍ အကြံပြုချက်များပို့ရန် နိုင်ငံရေးပါတီများထံ အကြောင်းကြားပြီးပြီဟု ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဘက်မှ ဆိုသော်လည်း ပါတီအချို့ကမူ လက်ခံရရှိခြင်းမရှိသေးဟု ဆိုသည်။ ယင်း နှင့်စပ်လျဉ်း၍ ဆွေးနွေးဖွယ်ရှိသည့်ကိစ္စ အသေးစိတ်ကို ကော်မရှင်က ပြောဆိုခြင်းမပြုသကဲ့သို့ နိုင်ငံရေး ပါတီတို့ကလည်း ထုတ်ဖော်ပြောဆိုလိုခြင်းမရှိသေးဟု ဆိုသည်။

ထို့ပြင် လက်ရှိ သတ်မှတ်ထားသည့် မဲဆွယ်စည်းရုံးရေးကာလ သုံးလကို လျှော့ချရန်ရှိသည်ဟူသော ပြည်တွင်းသတင်း တစ်ရပ်၏ ဖော်ပြချက်ကို အတည်ပြုပေးရန်ကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်အဖွဲ့ဝင်နှင့် ညွှန်ကြားရေးမှူးတို့က ငြင်းဆိုခဲ့သည်။

လစ်လပ်နေသည့် ၃၁ နေရာအတွက် ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကြားဖြတ်ရွေးကောက်ပွဲ လုပ်မည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက တရားဝင် ထုတ်ဖော်ပြောဆိုပြီးဖြစ်သည်။ ယင်းသည် ၂၀၁၀ ရွေးကောက်ပွဲဖြင့် စတင်ခဲ့သည့် မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကာလအစ လက်ရှိလွှတ် တော်နှင့် အစိုးရသက်တမ်းငါးနှစ်အတွင်း ဒုတိယအကြိမ်မြောက် ကြားဖြတ်ရွေးကောက်ပွဲအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။

No comments: