Thursday, April 3, 2014

စည်ပင်သန့်ရှင်းရေးဝန်ထမ်း ပိုက်ဆံအိတ် ဆိုင်ကယ်သမားနှစ်ဦးက လုယူ ထွက်ပြေး

ဇော်ဇော်ထွေး

စည်ပင်သန့်ရှင်းရေးအလုပ်သမား၏ ပိုက်ဆံအိတ်ကို ဆိုင်ကယ်သမားနှစ်ဦးက လုယက်ထွက်ပြေးမှုတစ်ခု မတ် ၂၈ရက် ညတွင် အင်းစိန်-လှိုင်သာယာ ဖြတ်ကူး အောင်ဇေယျကြိုးတံတားပေါ်၌ ဖြစ်ပွားခဲ့ရာ လှိုင်သာယာ ရဲစခန်းက အမှုဖွင့် စုံစမ်းဖော်ထုတ်နေသည်။

လုယက်ခံရသူသည် အင်းစိန်မြို့နယ် ချမ်းမြေ့စည်ပင်ဝင်းနေ စည်ပင်သန့်ရှင်းရေး အလုပ်သမားဖြစ်သူ ဦးမြင့်လှိုင် (၆၀)နှစ်ဖြစ်ပြီး ၎င်းင်းက တရားလိုပြုကာ အမှုဖွင့် တိုင်တန်းထားခြင်း ဖြစ်သည်။

တရားလိုသည် မတ်လ ၂၈ ရက်ည ၉ နာရီက ဇနီးဖြစ်သူနှင့်အတူ လှိုင်သာယာ ရွှေလင်ပန်းရွာမှ နေအိမ် ရှိရာသို့ စက်ဘီး စီး၍ ပြန်လာခဲ့သည်ဟုဆိုသည်။ ထို့နောက် လှိုင်သာယာမြို့နယ်ဘက် အောင်ဇေယျတံ တား ချဉ်းကပ်လမ်းပေါ်သို့ ရောက်ရှိစဉ် တွင် နောက်မှကပ်လိုက်လာသည့် ဆိုင်ကယ်ပေါ်မှ (လူမြင်မှတ်မိ ) အမျိုးသားနှစ် ဦးတို့က ဇနီးဖြစ်သူ၏ ၀ဲဘက်လက်တွင် ကိုင်ထားသည့် နီ/ညိုရောင် ပိုက်ဆံအိတ် အား လုယူထွက်ပြေးခဲ့သည်ဟု ရဲထံတွင် ထွက်ဆိုထားသည်။

ပိုက်ဆံအိတ်အတွင်းတွင် ဆင်းကတ်ပါ ဟန်းဆက်တစ်လုံးနှင့် ငွေတစ်သိန်းတစ်သောင်း ပါရှိသွားသည့်အတွက် လုယက်သူများကို စုံစမ်းဖော်ထုတ် အရေးယူပေးရန် တိုင်တန်းထားသည်။

ယင်းတိုင်တန်းမှုကို မြို့နယ်ရဲစခန်းက (ပ)၄၀၉/၂၀၁၄၊ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၂ ဖြင့် အရေးယူနိုင်ရန် စုံစမ်းဖော်ထုတ်လျက်ရှိသည်။

No comments: