Friday, April 4, 2014

ပို့ကုန်ရငွေ ဒေါ်လာ တစ်ဘီလီယံကျော် တိုးသော်လည်း စီးပွားရေး လုပ်ငန်းများအပေါ် အကျိုးပြုမှု နည်း

ထင်လင်းအောင်

ကုန်ဆုံးခဲ့သော ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၏ ပို့ကုန်ပမာဏသည် ယမန်ဘဏ္ဍာ နှစ်ထက် ကန်ဒေါ်လာ တစ်ဘီလီယံကျော် တိုးတက်လာခဲ့သော်လည်း ပြည်တွင်းစီးပွားရေး လုပ်ငန်းများအပေါ် အကျိုးသက် ရောက်မှုရှိစေသည် ပို့ကုန်ကဏ္ဍများ တိုးတက်လာခြင်းမရှိဟု ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များက ထောက်ပြကာ မဇ္ဈိမကို ပြောသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၏ ပို့ကုန်ပမာဏသည် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်ထက် ကန်ဒေါ်လာ ၁ ဒဿမ ၈၂၇ ဘီလီယံကျော် တိုးတက်လာသည်။ သို့သော် လယ်ယာထွက်ပစ္စည်း ၊ ရေထွက်ပစ္စည်း၊ တိရိစ္ဆာန်ထွက် ပစ္စည်း၊ သစ်တောထွက် ပစ္စည်းနှင့် စက်မှုကုန်ချောပစ္စည်း စသဖြင့် ကဏ္ဍအသီးသီး၏ ပို့ကုန်ပမာဏသည် ကန်ဒေါ်လာ ၆၂ သန်းကျော်သာ တိုးတက်လာခဲ့ခြင်းဖြစ်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာ၏ ကုန်သွယ်မှု စာရင်းများတွင် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဘက် အထွေထွေအတွင်းရေးမှူး ဒေါက်တာ စိုးထွန်းက “ပို့ကုန်တိုးလာ တယ်ဆိုပေမယ့် ပြည်တွင်းထုတ်ကုန်ကဏ္ဍတွေက အဲဒီလောက်မပါပါဘူး။ ဆန်ဆိုရင် ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် (၂၀၁၃-၂၀၁၄ ရည်ညွှန်းသည်) က အရင်နှစ်ထက် (ဒေါ်လာ)သုံးသန်းကျော်လောက် နည်းနေတယ်။မတ် လ ၂၁ ရက်အထိက ၁ ဒသမ၂ သန်းလောက်ပဲ ရထားသေးတယ်” ဟု ဆိုသည်။

ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ယခင်ဘဏ္ဍာနှစ်အောက် ဆန်တင်ပို့မှုရငွေ ဒေါ်လာ လေးသန်းခန့်နှင့် ပဲတင်ပို့မှုတစ် သန်းခန့်လျှော့နည်းနေခြင်း ဖြစ်သည်။ ထို့အတူ တိရိစ္ဆာန်ထွက်ပစ္စည်း ၂၃ သန်းကျော်၊ ရေ ထွက်ပစ္စည်း သန်း ၁၂၀ ကျော် စက်မှုကုန်ချောထွက်ကုန် သန်း ၂၀၀ ကျော် အသီးသီးလျှော့နည်းနေခဲ့ခြင်း ဖြစ်သည်ဟု ကုန်သွယ်မှုစာရင်းတွင် ပါရှိသည်။

မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါက်တာမြတ်စိုးက “ ဒီနှစ်ရဲ့ ပဲတင်ပို့မှု ရငွေက ဒေါ်လာတစ်သန်းကျော်လောက် နည်းနေတယ်။ ပဲဈေးကောင်းတာကြောင့် ဒီငွေ ပမာ ဏကိုရပေမယ့် ပဲတွေအထွက် လျှော့တော့ ပဲတင်ပို့မှုလျှော့ပမာဏက ကျခဲ့တယ်။ လာမည့်နှစ်မှာတော့ အဲလိုမဖြစ်အောင်ပဲနဲ့ပတ်သက်တဲ့ အမျိုးသားပို့ကုန်အတွက် မဟာဗျူဟာ (National Export Strategy) တွေတော့ ရေးဆွဲထားတာရှိပါတယ် ဟုပြောသည်။

ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းမှုပြီးဆုံးကာ တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ ရောင်းချမှု စတင်ပြီးနောက်တွင် မြန်မာနိုင်ငံ၏ ၀င်ငွေအများဆုံး ပို့ကုန်မှာ သဘာဝဓာတ်ငွေ့ဖြစ်လာသည်ဟု ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က မဇ္ဈိမကို ပြောထားသည်။ ၂၀၁၃-၂၀၁၄ဘဏ္ဍာနှစ်၏ သတ္ထုတွင်း ထွက်ပို့ကုန်ရငွေသည် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၈၈၃ ဒသမ ၅၁၉ သန်း ပိုမိုရရှိထားသည်။

ယင်းက “ မြန်မာနိုင်ငံရဲ့ ပြည်တွင်း ထုတ်လုပ်မှုကဏ္ဍတိုးတက်ဖို့က အများကြီး လုပ်စရာရှိနေသေးတယ်။ အခုဆိုရင် တရုတ်ကို သဘာဝဓာတ်ငွေ့တွေ စပြီးရောင်းနေပြီဆိုတော့ မြန်မာနိုင်ငံရဲ့အဓိက ပို့ကုန်က သဘာဝဓာတ်ငွေ ဖြစ်လာမှာပဲ။ ကုန်သွယ်မှုပမာဏ တိုးတက်ဖို့ဆိုရင်လည်း ဒီဘက်ကရတဲ့ကိန်းဂဏာန်း ကပဲ အဓိက ဖြစ်လာမှာပဲ” ဟု ၂၀၁၃ ခုနှစ်ကုန်ပိုင်းက မဇ်္ဈိမကိုပြောထားသည်။

၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ်အတွင်း တိုးတက်ရရှိခဲ့သည့် ပို့ကုန်ပမာဏအနက် သတ္ထုတွင်းထွက် ပို့ကုန် ဒေါ်လာ ၈၈၃ သန်းနှင့် အမည်ဖော်ပြထားခြင်း မရှိသော အခြားပို့ကုန် ကဏ္ဍနှစ်ခုပေါင်းရငွေမှာ ဒေါ်လာ ၈၈၁ သန်းကျော်ရှိနေရာ ယင်း ကဏ္ဍနှစ်ခုရငွေမှာ ပို့ကုန်တိုးတက်မှုပမာဏ အားလုံး၏ ၉၆ ရာခိုင်နှုန်း ရှိ နေခဲ့ခြင်းဖြစ်သည်ဟု ကုန်သွယ်မှုစာရင်းတွင် ပါရှိသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၏ ကုန်သွယ်မှုပမာဏသည် ကန်ဒေါ်လာ ၂၄ ကျော် ဘီလီယံရှိခဲ့သည့်အနက် ပို့ကုန် ၁၀ ဘီလီယံကျော်နှင့် သွင်းကုန် ၁၃ ဘီလီယံကျော် ဖြစ်နေရာ ကုန်သွယ်မှု လိုငွေပြနေခဲ့ခြင်းလည်း ဖြစ်သည်။

No comments: