Tuesday, April 22, 2014

သံမဏိစိတ်ဓါတ်ပိုင်ရှင် ဒီမိုကရေစီ ပြယုဂ် ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်သည့်အတွက် အမှတ်တရစကားများ

Mizzima

နိုင်ငံရေး အကျဉ်းသားအဖြစ် ထောင်ဒဏ် နှစ်ရှည်လများ ကျခံခဲ့ရသော ဒီမိုကရေစီ တိုက်ပွဲဝင် သူရဲကောင်း၊ နိုင်ငံရေးသမား၊ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်သည် ဧပြီ ၂၁ ရက် နံနက် ၆ နာရီခွဲ အချိန်တွင် ရန်ကုန်ဆေးရုံကြီးတွင် ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။

ဟံသာဝတီ ဦးဝင်းတင် အတွက် အမှတ်တရ စကားများ


ဦးသုဝေ ဥက္ကဋ္ဌ ( ဒီမိုကရက်တစ် (မြန်မာ)ပါတီ)

“သူက အတွေ့အကြုံ အများကြီးရှိတဲ့လူ တစ်ယောက်ဖြစ်တယ်။ အတွေ့အကြုံရှိတဲ့ လူအနေနဲ့လည်း ဆုံးရှုံးရတယ်။ သူငယ်ချင်း တစ်ယောက် အနေနဲ့လည်း ဆုံးရှုံးရတယ်။ ကျွန်တော်တို့အတွက် ပိုပြီး စိတ်မကောင်းရဘူး။ မြန်မြန်ဆုံးသွားတယ်ဆိုတော့ တိုင်းပြည် အတွက် ဆုံးရှုံးသွားတယ်"

ဦးခင်မောင်ဆွေ ဥက္ကဋ္ဌ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ (NDF)

“နိုင်ငံရေးလုပ်ဖော် ကိုင်ဘက်ဟောင်း တစ်ယောက် မြန်မာနိုင်ငံအပေါ် စေတနာထားပြီး နိုင်ငံရေးလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက် ကွယ်လွန်တယ်ဆိုတာဟာ နိုင်ငံရေးလောကသားတွေ အတွက်လည်း ၀မ်းနည်းရမယ့် ကိစ္စဖြစ်တယ်လို့ ခံယူတဲ့အတွက် ကျွန်တော်အနေနဲ့ ပါတီအနေနဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းနေနဲ့ နိုင်ငံရေးလောက အနေနဲ့ရော ၀မ်းနည်းပါကြောင်း သ၀ဏ်လွှာပါးဖို့ လုပ်နေပါတယ်"

သတင်းစာ ဆရာကြီး ဖိုးသောကြာ

“၁၉၈၈မှာ အစိုးရသတင်းစာကနေပြီးမှ အစိုးရကို အံတုတဲ့ထဲမှာ သူလဲပါသွားတယ်။ အဲဒီ့ကနေပြီ NLD ထဲရောက်သွားတယ်။ ထောင်ထဲမှာ ၁၉နှစ်နေသွားတဲ့ အခါမှာ သူရဲ့သတင်းစာလုပ်သက်က ထောင်သက်က သတင်းစာလုပ်သက်ထက် များနေတယ်။ သတင်းစာလုပ်သက်ထက် ထောင်သက်များနေတဲ့ သတင်းစာဆရာတစ်ယောက် နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ နှမြောတယ်"

ဦးတင်ဦး နာယက (အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်- NLD)

“သူက သာမန်လူလည်း မဟုတ်ဘူး၊ သတင်းစာလောကမှာ ထင်ရှားတဲ့ အတွေ့အကြုံ အများကြီး ရှိတဲ့ လူတယောက်၊ ဒါ့အပြင် အဖွဲ့ချူပ်မှာလည်း သူကအထောက်အပံ့တွေ အများကြီးလုပ်ခဲ့တယ်။ သူ့ဘ၀မှာ နှစ်ပေါင်း ၂၀လောက် အကျဉ်းကျနေခဲ့တာ။ ဒီရောဂါတွေက စုပြုံပြီးတော့ ပါခဲ့တာ။ သူဟိုမှာ အူကျရောဂါဖြစ်တယ်၊ ထောင်ကဆေးရုံက ကုတယ်၊ ကြီးလာတော့ ဒီဒဏ်တွေပြန်ဖြစ်တယ်။ ခုလည်း ဒီအူကျရောဂါကနေ စပြီးတော့ ဒုက္ခပေးတာပဲ။ တို့အတွက်ကတော့ ဆုံးရှုံးတာပေါ့ တိုင်းပြည်အတွက်ကော အခြားတိုင်းရင်းသား အင်အားစုတွေအတွက်ကော ဆုံးရှုံးတာပဲ။ ကမ္ဘာနဲ့ဆိုရင်လည်း တကယ့်ကို သတင်းစာဆရာ စစ်စစ်တယောက် ဆုံးရှုံးတာပဲလေ"

ကိုဘိုကြည် အထွေထွေ အတွင်းရေးမှုး (နိုင်ငံရေး အကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေး အသင်း - AAPP )

“ဘဘဦးဝင်းတင် ဆုံးတယ်ဆိုတာ ကျွန်တော်တို့ နိုင်ငံအတွက် အင်မတန်မှကို နစ်နာဆုံးရူံးမှုတခုပါ။ လူငယ်တွေအတွက် အဓိက နစ်နာမှုပါ။ သူ့ကို ကျွန်တော် အဓိက လေးစားရတဲ့ အချက်တွေထဲမှာ သူက လူပုဂ္ဂိုလ်ကို အဓိက ကိုးကွယ်တာမျိုး မလုပ်ဘူး။ အမှန်တရားကိုသာ ကိုးကွယ်တယ်။ လူပုဂ္ဂိုလ်တယောက်ကို မှားနေတယ်ဆိုရင် ဝေဖန်ရဲတယ်ဆိုတဲ့ သတ္တိ ထောက်ပြရဲတဲ့ သတ္တိရှိတယ်။ ဒါက ကျွန်တော်တို့ နောက်မျိုးဆက် လူငယ်တွေ ဒီမိုကရေစီကို တကယ်လေးစားတယ် ချစ်တယ်ဆိုရင် ဘဘဦးဝင်းတင် စိတ်ဓာတ်လေးကို ကြီးထွားလာအောင် လုပ်ရပါမယ်။ ဒါက သူ့ဆီကနေ အကြိုက်ဆုံး စိတ်ဓာတ်လေးပါ"

မိုးသီးဇွန် (လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ )

“သူက အရမ်းကို sweet ဖြစ်တဲ့ လူပါ။ လူတိုင်းက ချစ်ခင်ကြ လေးစားကြ ကြည်ညိုလေးစားကြတဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ ကျွန်တော်က သူ့ကို ၂၀၁၅ အထိ ရှိစေချင်တာ။ သူဆေးရုံတတ်နေရတော့ စိုးရိမ်တယ် နိုင်ငံခြားမှာ ဆေးကုစေချင်တယ်။ စင်္ကာပူတို့မှာ ဆိုရင် မျှော်လင့်ချက်ရှိတာပေါ့၊ ဒါပေမယ့် သူက အသက်ကလည်း ကြီးနေပြီ။ ဗမာပြည် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ အတွက် အင်မတန်မှ အားကိုးရတဲ့ လူဆိုတော့ NLD အတွက်သာ မဟုတ်ဘူး ကျွန်တော်တို့အတွက်ပါ လှည်းဘီးမှာ ဘီးတဖက် ကျွတ်သွားသလိုဖြစ်သွားတာပါ။

ဒေါ်ခင်စန်းလှိုင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ်)

“ဘဘဦးဝင်းတင်က တကယ့်ကို ယုံကြည်ချက် ခိုင်မာတဲ့ လူတယောက်ပါ။ သူရဲ့ ယုံကြည်ချက်ကို ဘယ်တော့မှ လက်မလွှတ်ဘူး စွန့်လွှတ်သူမဟုတ်ဘူး။ အန်တီအမှတ်ရဆုံးက ဟိုတနေ့က ဘဘ သတိပြန်ရပြီးတော့ ပိုက်တွေဖြုတ် စကားပြောနိုင်တဲ့ အချိန်မှာ အန်တီ့ကို ဒေါ်ခင်စန်းလှိုင် ဆက်လက်ပြီး တိုက်ပွဲဝင်ပါလို့ ပြောခဲ့တာကိုပါပဲ။ ဘဘလို လူတယောက် ဆုံးရှုံးရတဲ့အတွက်

မြန်မာပြည်အတွက်လည်း အများကြီး နစ်နာတယ် NLD အတွက်လည်း နစ်နာတယ်"


ဦးလှဆွေ (အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီ)

“ ဒီနေ့ ကွယ်လွန်သွားတော့ မြန်မာပြည်အတွက် ဒီမိုကရေစီ သူရဲကောင်း တစ်ယောက် ဆုံးရှုံးသွားတယ်လို့ မှတ်ချက်ပြုချင်တယ်။ ဘာလို့လဲဆိုတော့ ဆရာကြီးက ဘယ်တော့မှ စိတ်ထား မပြောင်းလဲခဲ့ဘူး။ ကွယ်လွန်ချိန် အထိ ဒီမိုကရေစီ အတွက် တစ်ပြားသားမှ အလျော့မပေးတာ တွေ့ရတယ်။ မှန်ကန်တဲ့ လမ်းကြောင်းက ရပ်တည်တယ်လို့ ကျွန်တော် မြင်တယ်။ တချို့ကတော့ သဘောထား တင်းမာတယ်လို့ ထင်တယ်။ ကျွန်တော်မြင် တာက ဆရာကြီးက သဘောထား မပြောင်းလဲတာပါ"

ဦးဇော်မျိုးအောင် (အနီးကပ် ပြုစုစောင့်ရှောက်သည့် မိသားစု ကော်မတီဝင်)

“ဘဘက သင်္ကြန်မတိုင်မီ ထွီနှစ်ထွီပြောခဲ့တယ်။ တစ်ထွီက သူ့ကို ဒုက္ခပေးတဲ့ ချွဲတွေ၊ သလိပ်တွေကို ထွေးတဲ့ တစ်ထွီပြောခဲ့တယ်။ ဒုတိယတစ်ထွီက စစ်အာဏာရှင်ကို ထွေးတဲ့ တစ်ထွီလို့ ပြောတယ်"

ဦးအုန်းထွန်း

(ဦးဝင်းတင် သေဆုံးချိန်အထိ နေထိုင်သွားခဲ့သည့် အတူနေအိမ်မှ သူငယ်ချင်း) “လူကောင်းတစ်ယောက် ဆုံးသွား တယ်။ သူနဲ့ပတ်သက်လို့ အပြစ်ပြောစရာတစ်ကွက်မှ မရှိတဲ့လူပဲ။ သူများအတွက် မွေးလာတဲ့ လူပဲ"

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitcheel

“ဦးဝင်းတင်ကို တော်တော်လေး သတိတရ ရှိနေမှာပါ။ သူဟာ မတရားမှုတွေရှေ့မှောက်မှာ အမှန်တရားကို ရှာဖွေဖို့ ပြောကြားဖို့ အတွက် စွမ်းစွမ်းတမံ ကြိုးစားနေသူတွေအတွက် ဥပမာကောင်းတစ်ခုပါ” ဟု ၎င်း၏ ထုတ်ပြန်ကြေငြာချက်တွင် Derek Mitcheel က ဆိုသည်။

ယုဒသန်ရိပ်သာတွင် ဂါရ၀ပြု အခမ်းအနားကျင်းပ

သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်အား ဂါရ၀ပြု အခမ်းအနားကို ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ ယုဒသန်ရိပ်သာတွင် ပြုလုပ် ခဲ့သည်။ အဆိုပါ အခမ်းအနားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်မှ ဦးဆောင်ခြင်းဖြစ်ကာ ဧပြီလ ၂၁ရက်မှ ၂၃ရက်အထိ သုံးရက်ကြာ ပြုလုပ်မည် ဖြစ်သည်။

အဆိုပါအခမ်းအနားတွင် ကဗျာရွတ်ဆိုခြင်း၊ ဂုဏ်ပြု စာရေးခြင်း၊ သရုပ်ဖော်ခြင်းများ ပြုလုပ်မည့် အပြင် သူဝတ်ဆင်ခဲ့သည့် အပြာရောင်ဝတ်စုံကို ဂုဏ်ပြုသောအားဖြင့် အပြာရောင် ၀တ်စုံများ အများအားဖြင့် ၀တ်ကြမည် ဖြစ်ကာ ၀တ်စုံများလည်း ဝေပေး မည့် အစီအစဉ်လည်း ရှိသည်။

ဦးဝင်းတင်၏ ရုပ်ကလပ်ကို ရေဝေးသုသန်အအေးခန်းတွင်ထားရှိပြီး ဧပြီ ၂၃ ရက် ညနေ ၅ နာရီတွင် သင်္ဂြိုလ်မည်ဖြစ်ကာ ယင်းနေ့ နေ့လည် ၁၂ နာရီမှ ၅ နာရီထိ ရေးဝေးသုသန်တွင် အသုဘရှု ဂါဝရပြု အခမ်းအနားကျင်းပမည်ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဝင်းတင်အတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တိုင်းနှင့်ပြည်နယ် အားလုံးရှိ အဖွဲ့ချုပ်ရုံးတိုင်း တွင် ဧပြီလ ၂၁ရက် နံနက်မှ စတင်ပြီး ၂၃ ရက် ညနေ ၆ နာရီထိ အဖွဲ့ချုပ်အလံ တစ်ဝက်ချထားမည်ဖြစ်သည်။


ဝမ်းနည်းကြေကွဲကြောင်း ကြေညာချက်များ ထုတ်ပြန်

ဟံသာဝတီ ဦးဝင်းတင်အတွက် ၀မ်းနည်းကြေကွဲကြောင်း ကြေညာချက်များလည်း အသီးသီး ထုတ်ပြန်ခဲ့ပြီး သမ္မတရုံး ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းကလည်း ၀မ်းနည်းကြောင်း ထုတ်ပြန်ခဲ့ကာ မြန်မာဂျာနယ်လစ်ကွန်ယက်၊ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းတို့ကလည်း ၀မ်းနည်းကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။

No comments: