Sunday, April 6, 2014

ဆန္ဒပြခေါင်းဆောင်များကိုသာ ပုဒ်မ ၁၈ ဖြင့် အရေးယူခြင်းသည် တရားမျှတမှုမရှိဟု ဝေဖန်

ရေခဲ(ပြည်)

ခွင့်ပြုချက်မဲ့ဆန္ဒပြသည့် ခေါင်းဆောင်များကို ငြိမ်း၊ စု၊ စီ ဥပဒေပုဒ်မ- ၁၈ ဖြင့် တရားစွဲဆိုနေခြင်းသည် တရားဥပဒေ စိုးမိုးမှုမရှိခြင်း ဖြစ်သည်ဟု ပြည်မြို့မှ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက ဝေဖန်ပြော ကြားလိုက်သည်။

“ခေါင်းဆောင်တင် ပုဒ်မ-၁၈နဲ့ငြိတာ မဟုတ်ဘူး။ လျှောက်တဲ့လူအားလုံးပါတယ်။ စီတန်းလှည့်လည်သူ အားလုံးကို ဆွဲရမှာကို ဦးဆောင်သူလိုလို၊ ခေါင်းဆောင်သူလိုလိုနဲ့ ရွေးဆွဲနေတာ တရားဥပဒေနဲ့မညီဘူး မမျှတဘူး”ဟု ၎င်းက ပြောသည်။

ဆန္ဒပြဦးဆောင်သူများကိုသာ တရားဆွဲဆိုခြင်းသည် ဥပဒေနှင့်မညီညွတ်သဖြင့် နိုင်ငံတော်သမ္မတ၊ ပြည် ထောင်စုလွှတ်တော်နှင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ တင်ပြသွားမည်ဟုလည်း ၎င်းက ပြောသည်။

တရားလွှတ်တော်ရှေ့နေကြီး ဦးမြင့်အေးသည် ခွင့်ပြုချက်မရဘဲ မွေးမြူ ရေးနှင့် ကျေးလတ်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဦးအုန်းမြင့် အလိုမရှိကြောင်း တစ်ကိုယ်တော်ဆန္ဒပြခဲ့ခြင်း ပြည်ခရိုင် လုံးဆိုင်ရာ တောင်သူလယ်သမားဆန္ဒပြပွဲ ပါဝင်ခဲ့သဖြင့် ပုဒ်မ(၁၈)နှင့် တရားရင်ဆိုင်နေရသူဖြစ်သည်။

“တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်မှုများအပါအ၀င် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သဖြင့် ငြိမ်းစုစီဥပဒေ ပုဒ်မ-၁၈ ဖြင့် အကြိမ်ကြိမ် အရေးယူခံထားရသူလည်း ဖြစ်သည်။

ပြည်မြို့တွင် သီတာမြန်မာကုမ္ပဏီအား အလုပ်သမားတွေ ဆန္ဒပြခြင်း၊ ပခုက္ကူတွင် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ဆန္ဒပြခြင်း၊ မြစ်ဆုံဆည်စီမံကိန်း ဖျက်သိမ်းရန် တစ်နိုင်ငံလုံးတွင် လမ်းလျှောက်ဆန္ဒဖော်ထုတ်ခြင်းများတွင် ရဲတပ်ဖွဲ့မှ အရေးမယူဘဲ လွှတ်ပေးထားရသည်ဟုလည်း ရှေ့ နေကြီးဦးမြင့်အေးက ထောက်ပြသည်။

မတ်လ(၂၉)ရက်က ပြုလုပ်သော ပြည်ခရိုင်လုံးဆိုင်ရာ တောင်သူလယ်သမားဆန္ဒပြပွဲတွင် လူခြောက်ရာကျော် ပါဝင်သော်လည်း ဦးဆောင်သူ(၁၆)ဦးကိုသာ ငြိမ်း၊စု၊စီ ပုဒ်မ-၁၈ဖြင့် အမှုဖွင့်ထားသည့်အတွက် ဆန္ဒပြသူအားလုံး သွားရောက်အဖမ်းခံရန် စီစဉ်ထားသည်ဟုလည်း ၎င်းကပြောသည်။

No comments: