နန်းမြင့်
မိကျောင်းကန်အပိုင်း ၁၊ ၂၊ ၃ မြေနေရာကို စစ်မှုထမ်းဟောင်းအိမ်ရာ ဆောက်လုပ်မည်ဖြစ်သည့်အတွက် မြေမစွန့်နိုင်ဟု တိုင်းစစ်ဌာနချုပ်ကဆိုခဲ့ပြီး သပိတ်ခေါင်းဆောင်များကလည်း သပိတ်စခန်း အရှိန်မြှင့်လုပ် ဆောင်သွားမည်ဟု ဧပြီ ၁ ရက်က တိုင်းအစိုးရရုံးတွင် ပြုလုပ်သည့် မိကျောင်းကန် အရေးကိစ္စနှင့်ပတ် သက်သည့် တွေ့ဆုံညှိနှိုင်းပွဲတွင် အပြန်အလှန် ပြောကြားလိုက်ကြသည်။
ရန်ကုန်တိုင်းအစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်၊ မိကျောင်းကန်ဆန္ဒပြသူများနှင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီတို့ ဧပြီလ ၁ ရက်ကတွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ထိုမြေကိုမစွန့်လွှတ်နိုင်ကြောင်း ရန်ကုန် တိုင်းစစ်ဌာနချုပ်မှ ဒု-ဗိုလ်မှူးကြီးသက်နိုင်က ရှင်းလင်း ပြောကြားသွားခဲ့သည်။
မိကျောင်းကန်သပိတ် ခေါင်းဆောင်များဘက်ကလည်း အကြိမ်ကြိမ် ပြေလည်အောင် ညှိနှိုင်းပေးမည်ဟူသော ကတိစကားများကိုသာ ရရှိပြီး လက်တွေ့ အကောင်အထည်ပေါ်မလာသည့်အတွက် သပိတ်အရှိန်ကို ဆက်လက် တိုးမြှင့်သွားမည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
“ဒီမြေကလည်း တိုင်းပြည်အတွက် တကယ်ပဲ နစ်နာခံ ဆောင်ရွက်ခဲ့တဲ့ စစ်မှုထမ်းဟောင်းများအတွက် ရည်ရွယ်ပြီး ဆောက်လုပ်ပေးမယ့် အိမ်ရာဖြစ်ပါတယ်။ ဒါကိုတော့ အားလုံးပဲနားလည်ပေးကြပါ။ တပ်ပိုင်း အနေနဲ့ ဒီမြေကိုဆောင်ရွက်ရန် ကိစ္စရှိတဲ့အတွက် ဒီမြေကို မစွန့်ကြောင်း တင်ပြလိုတယ်”ဟု ဒုတိယဗိုလ် မှူးကြီး သက်နိုင်က ပြောသည်။
မိကျောင်းကန်သပိတ်စခန်း ခေါင်းဆောင်ဦးစိန်သန်းက “တိုက်ခန်းသော်လည်းကောင်း၊ အစားထိုးမြေ သော်လည်းကောင်း ပြင်ဆင်မှု မရှိဘဲ ဆွေးနွေးတာ ဆွေးနွေးပွဲမဟုတ်ဘူး။ အစိုးရအဖွဲ့နဲ့ လွှတ်တော်လူ ကြီးတွေက ဘာမှမပြင်ဆင်လာဘဲနဲ့ သပိတ်ကို ရုပ်သိမ်းပေးဖို့ပဲ ပြောနေတဲ့အတွက် ဘယ်လိုမှမဖြစ်နိုင် ဘူး”ဟု ပြောသည်။
သပိတ်ကို ဆက်လက်တိုးမြှင့်မည်ဖြစ်ကြောင်း အစာငတ်ခံ ဆန္ဒပြသွားမည်ဟုလည်း ၎င်းက ဆက်ပြော သည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး လွှတ်တော်တွင်လည်း အကြိမ်ကြိမ်ဖြေကြားပြီးဖြစ်ပြီး အထောက်အထား များလည်း ပြခဲ့သည်ဟုလည်း ဒုတိယဗိုလ်မှူးကြီးသက်နိုင်က ဆိုသည်။
လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးတင်ဝင်းက “နစ်နာချက်ရှိတယ်ဆိုရင် စာတင်ပေး။ ပြေပြေလည် လည်ဖြစ်အောင် ဖြေရှင်းပေးမယ်။ သပိတ်စခန်းကို ဖျက်ပြီးမှ အခြားနည်းနဲ့ တရားဥပဒေဘောင်ထဲက ဆောင်ရွက်ဖို့ မေတ္တာရပ်ခံပါတယ်။ အကြမ်းဖက်ပုံစံလုပ်ဖို့ ဘယ်တော့မှ အစီအစဉ်မရှိဘူး”ဟု ပြော သည်။
သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က“သပိတ်ကို ယာယီ ရုပ်သိမ်းပေး ဖို့ မေတ္တာရပ်ခံတယ်။ လာမယ့်လွှတ်တော်မှာ မိကျောင်းကန်ကိစ္စကို တင်ပြပေးမယ်။ သမ္မတ၊ ကာကွယ် ရေးဦးစီးချုပ်ဆီ စာရေးတင်ပေးမယ်။ ပေါ်ပေါက်လာတဲ့ ရလဒ်ကိုလည်း ခင်ဗျားတို့နဲ့အတူ ညှိနှိုင်းပေးမယ်။ တရားမျှတမှုအတွက် လုပ်ပေးမယ်ဆိုတာ အားလုံး လက်ခံပြီးပြီ”ဟု ပြောသည်။
မိကျောင်းကန်အပိုင်း ၁၊ ၂၊ ၃ မြေသိမ်းခံရခြင်းကြောင့် ဆန္ဒပြမှု ခုနစ်ကြိမ် ဖြစ်ပေါ်ခဲ့ပြီး သပိတ်စခန်း သုံးကြိမ် ဖွင့်လှစ်ရာတွင် အဆိုပါ သပိတ်စခန်းများအား အင်အားသုံး ဖယ်ရှားမှုများလည်း ရှိခဲ့သည်။
No comments:
Post a Comment