စုမြတ်ဝေ၊ ကေဇူး
မြေယာသိမ်းဆည်းခံရမှုများအတွက် ကူညီဖြေရှင်းပေးရန် မရမ်းကုန်းမြို့နယ်၊ ၆ ရပ်ကွက်မှ မြေသိမ်းခံရ သူ ၁၀၀ ခန့်က ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်ရှေ့သို့ ဧပြီ ၃ ရက်တွင် သွားရောက် တောင်းဆိုခဲ့ကြ သည်။ ၎င်းတို့ကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံတွေ့ဆုံကာ သက်ဆိုင်ရာသို့ မေးမြန်းပြီး တတ်နိုင် သမျှ အကူအညီပေးမည်ဟု ပြောဆိုခဲ့သည်။
အသက် ၄၉ နှစ်အရွယ် ဒေါ်စိန်ထွေးက “အမေကတော့ ကတိရယ်လို့ အတိအကျပေးတာတော့ မဟုတ် ဘူးပေါ့။ ဥပဒေအကြံပေးအရာရှိတွေနဲ့ တင်ပြပြီးတော့၊ ဆွေးနွေးပြီးတော့ ဖြေရှင်းပေးမယ်လို့ အမေက ပြောပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်ကို ပြန်ပြောသည်။
ယင်းအစီအစဉ်ကို ယခင် ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့ ခေါင်းဆောင်ဖြစ်သူ၊ ယခု ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအင်အားစု MDLF မှ ကိုထင်ကျော်က ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဆန္ဒထုတ်ဖော်သူများသည် လက်ရှိတွင် မရမ်းကုန်း ၆ ရပ်ကွက် တော်ဝင်ချယ်ရီအိမ်ရာရှေ့တွင် သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်လျက်ရှိပြီး မထူးခြားသဖြင့် ၁၀ ရက်မြောက်နေ့တွင် သပိတ်စခန်းပိတ်သိမ်းကာ ထိုသို့ လာရောက် အကူအညီ တောင်းရခြင်းဖြစ်သည်ဟု ဒေါ်စိန်ထွေးက ပြောသည်။
“ကျွန်မတို့ အားကိုးရာမဲ့နေပါတယ်။ ကျွန်မတို့မှာ အားကိုးတကြီးနဲ့ လူထုဘက်က လူထုခေါင်းဆောင် အမေဒေါ်အောင်ဆန်းစုကြည်က တတ်နိုင်တဲ့ဘက်က တနိုင်တပိုင် တစ်ဖက်တစ်လမ်းကနေ ကူညီပေး မယ်လို့ ယုံကြည်တဲ့အနေနဲ့ အားကိုးတကြီး အကူအညီတောင်းရတာပါ။ အကူအညီမဲ့နေတဲ့ ကျွန်မတို့ကို ဒီလိုလာရောက်တွေ့ဆုံတာနဲ့တင် ကျွန်မတို့အတွက် အားအင်ဖြစ်ပါတယ်”ဟု ဒေါ်စိန်ထွေးက ပြော သည်။
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း ၆ ရပ်ကွက်ရှိ တော်ဝင်ချယ်ရီအိမ်ရာမြေ၏ မူလပိုင်ရှင်သည် ထိုရပ်ကွက်တွင်း နေထိုင်ခဲ့သော အိမ်ထောင်စု ၂၉၃ စု ဖြစ်သည်ဟု ဆိုကာ မူလပိုင်ရှင်များထံ ပြန်လည်ပေး အပ်ရန် ဆန္ဒထုတ်ဖော်ပွဲကို ၂၀၁၄ ခုနှစ်၊ မတ်လ ၂၅ ရက် နေ့လယ်က ပြုလုပ်ခဲ့သည်။
လူအင်အား ၅၀ ခန့်ဖြင့် ရန်ကုန်မြို့ ကျိုက်ဝိုင်းဘုရားရှေ့မှ တော်ဝင်ချယ်ရီအိမ်ရာအထိ လမ်းလျှောက်ချီ တက်ပြီး အိမ်ရာရှေ့လမ်းမဘေးတွင် သပိတ်စခန်းဖွင့်ကာ ဧပြီ ၃ ရက် နံနက် ၆ နာရီတွင်မူ သပိတ်စခန်း ကို ခေတ္တရုပ်သိမ်းထားသည်။
လတ်တလောတွင် ရန်ကုန်မြို့၌ မြေသိမ်းမှုများနှင့်ပတ်သက်၍ သပိတ်စခန်းဖွင့်သည်အထိ ဆန္ဒထုတ် ဖော်မှုများ ရှိနေသည်။ မြန်မာ့ဂုဏ်ရောင်၊ မိကျောင်းကန်နှင့် သမီးကလေးကျေးရွာ စသည့် မြေသိမ်းမှုများ နှင့်ပတ်သက်ပြီး တောင်းဆိုမှုများ လုပ်ဆောင်နေသော်လည်း ပြေလည်မှုမရှိသေးဟု မြေသိမ်းခံရသူများ က ဆိုသည်။
ပြည်ထောင်စုလွှတ်တော်ကလည်း ကော်မရှင်တစ်ရပ်ဖွဲ့၍ ဆောင်ရွက်ရသည်အထိ မြေသိမ်းယာသိမ်း ကိစ္စများကို ဖြေရှင်းရန် ကြိုးပမ်းနေရသည်။ ပြည်ထောင်စု အစိုးရအဖွဲ့ကလည်း လွှတ်တော်ကော်မရှင်၏ အစီရင်ခံစာများပေါ်မူတည်၍ ဖြေရှင်းရန် တိုင်းနှင့် ပြည်နယ် အသီးသီးရှိ မြေယာစီမံခန့်ခွဲမှုကော်မတီများသို့ ဆက်သွယ်ဆောင်ရွက်နိုင်သည်ဟု ကြေညာထားသည်။
သို့သော် ပြည်ထောင်စုလွှတ်တော်ကမူ တစ်နိုင်ငံလုံးတွင် မြေယာသိမ်းဆည်းမှု အမှုတွဲပေါင်း ၇၄၅ ခုရှိသော်လည်း ဖြေရှင်းပြီးစီးမှုမှာ အားရစရာ မရှိသေးဟု ဖေဖော်ဝါရီလအတွင်း ဆိုသည်။ ထို့ပြင် ဇန်န၀ါရီ ၂၁ ရက်က သမ္မတပေးပို့သည့် လယ်ယာမြေသိမ်းကိစ္စ ဖြေရှင်းပြီးစီးမှု အစီရင်ခံစာကိုလည်း မှန်ကန်တိ ကျမှုမရှိဟု ပြင်းပြင်းထန်ထန် ဝေဖန်ထားသည်။
စစ်အစိုးရအုပ်ချုပ်မှုကာလအတွင်း စစ်တပ်၊ စီးပွားရေးလုပ်ငန်းရှင်အချို့၊ ကုမ္ပဏီ၊ ဌာနဆိုင်ရာများနှင့်အစိုး ရစီမံကိန်းများအတွက် လယ်ယာသိမ်းမှုများ ဖြစ်ပွားခဲ့ရာ တပ်မတော်က သိမ်းယူထားသည့် လယ်ယာမြေ စုစုပေါင်း ၂၄၇,၀၇၇ ဒသမ ၀၆ ဧက ရှိသည်ဟု ပြည်ထောင်စု လွှတ်တော် လယ်ယာမြေစုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာအရ သိရသည်။
No comments:
Post a Comment