Friday, April 11, 2014

ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး ဂျာမနီခရီးစဉ် စတင်

မင်းမင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဂျာမနီနိုင်ငံသို့ ပထမဆုံးခရီးစဉ်အဖြစ် ဧပြီ ၉ ရက် ည ၇ နာရီ ၄၅ မိနစ်တွင် ရန်ကုန်လေဆိပ်မှ ထိုင်းလေကြောင်းလိုင်း TG 306 ဖြင့် စတင် ထွက်ခွာသွားပြီဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး ဂျာမနီခရီးစဉ်အတွင်း မြန်မာပြည်သူလူထုအတွက် ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ အကူအညီများ ဆွေးနွေးနိုင်မည်ဆိုလျှင် အကျိုးရှိနိုင်သည်ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူ ဒေါက်တာရန်မျိုးသိန်းက သုံးသပ်ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဂျာမနီနိုင်ငံသမ္မတ H.E. Mr . Joachim Gauck ၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ပြီး ခရီးစဉ်အတွင်း သမ္မတအပြင် အစိုးရ၀န်ကြီးများနှင့်လည်း တွေ့ဆုံမည် ဖြစ်သည်။ ဂျာမနီခရီးစဉ်မှ တစ်ဆက်တည်း ဧပြီလ ၁၄ ရက်တွင် ပြင်သစ်နိုင်ငံသို့ ဒုတိယမြောက်ခရီးစဉ်အဖြစ်လည်း ဆက်လက်ထွက်ခွာမည်ဖြစ်သည်။

ဒေါက်တာရန်မျိုးသိန်းက “အဓိက ပညာရေးနဲ့ ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှုတွေကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပြင်သစ်နဲ့ ဂျာမနီကနေ အမြန်ဆုံးယူဆောင်လာနိုင်ရင် တိုင်းပြည်အတွက်၊ ပြည်သူအတွက် အများကြီး အကျိုးရှိလိမ့်မယ်” ဟု ပြောသည်။

ပညာရေးတွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသော ကျောင်းသူကျောင်းသားများ၊ ဘွဲ့ရပြီးသည့် ကျောင်းသူကျောင်းသားများကို ဂျာမနီနိုင်ငံနှင့် ပြင်သစ်နိုင်ငံရှိ တက္ကသိုလ်များတွင် ပညာတော်သင်ဆုဖြင့် ကျောင်း သွားတက်နိုင်အောင် လုပ်ပေးနိုင်လျှင် အလွန်အကျိုးရှိမည်ဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် တိုင်းပြည်ရှိ ပြည် သူ့ဆေးရုံများ၊ ခရိုင်ဆေးရုံများ၊ မြို့နယ်ဆေးရုံများကို အဆင့်မြှင့်တင်သည့်နေရာတွင် ပြင်သစ်နှင့် ဂျာမနီမှ အကူအညီများစွာ ရနိုင်လျှင် မြန်မာနိုင်ငံအတွက် နိမ့်ကျလျက်ရှိသော ကျန်းမာရေးနှင့် ပညာရေးအဆင့် အတန်းများ မြင့်တက်လာနိုင်သည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဂျာမနီ ခရီးစဉ်အတွင်း ဂျာမန်လွှတ်တော် “Bundestag” ကိုလည်း သွားရောက်လေ့လာမည်ဖြစ်ပြီး Willy Brandt Prize ဆုတံဆိပ်ကိုလည်း လက်ခံရယူမည်ဖြစ်သည်။ ထို့ပြင် ဂျာမနီရောက် မြန်မာများနှင့်လည်း တွေ့ဆုံရန် စီစဉ်ထားသည်။ ပြင်သစ်ခရီးစဉ်အတွင်း သမ္မတ H.E. Mr. Francois Hollande အပါအ၀င် ပြင်သစ်အစိုးရအဖွဲ့၊ ၀န်ကြီးများနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။ ဧပြီလ ၁၆ ရက်တွင် ခရီးစဉ်နှစ်ခုစလုံးပြီးဆုံးမည်ဖြစ်ကာ မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာလာမည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပ ခရီးစဉ်များအတွင်း လက်ရှိလုပ်ဆောင်နေသော ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးအတွက် နိုင်ငံတကာဖိအားမျိုးရရန် လုပ်ဆောင်သွားလိမ့်မည်မဟုတ်ဟု ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

ဒေါ်အောင်ဆန်းစုကြည် ဂျာမနီခရီးစဉ် လာရောက်ရန် ဂျာမနီသမ္မတ မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်သည့် ဖေဖော်ဝါရီ ၉ ရက်မှ ၁၂ ရက်ခရီးစဉ်အတွင်းက ဖိတ်ကြားခဲ့ခြင်းဖြစ်ကာ နေပြည်တော်ရှိ ရွှေနန်းတော်ဟိုတယ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်နာရီခန့်အကြာ တွေ့ဆုံခဲ့သေးသည်။

No comments: