ဇော်ဇော်ထွေး
တိုက်ကြီးမြို့နယ် သစ်တောဦးစီးမှူးကို လိုင်စင်မဲ့ယာဉ် စီးနင်းအသုံးပြုနေသည်ဟုဆိုကာ ဥက္ကံရဲစခန်းတွင် အမှုဖွင့် တိုင်တန်းထားသည်ဟု တရားလိုဖြစ်သူ ဦးကျော်တင့်လွင်က မဇ္ဈိကို ပြောဆိုပြီး အဆိုပါယာဉ်မှာ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းပြီး ဖြစ်သည်ဟု သစ်တောဘက်က ပြန်လည် ရှင်းလင်းပြောခဲ့သည်။
တရားမ၀င်သစ်များ ဖမ်းဆီးခြင်း၊ လိုင်စင်မဲ့ယာဉ်များအား ရဲစခန်းသို့ အပ်နှံအမှုဖွင့်နေသည့် သစ်တောဦးစီး မှူးနှင့် အဖွဲ့ကိုယ်တိုင်ကပင် တရားမ၀င်လိုင်စင်မဲ့ယာဉ်အား စီးနင်းအသုံးပြုနေသည့်အတွက် တိုင်တန်းခဲ့ ခြင်းဖြစ်သည်ဟု တရားလိုဘက်က ဆိုသည်။
“ဧပြီ ၃ ရက်က သစ်တောကနေ ကားတစ်စီးကို လိုက်ဖမ်းတယ်။ သူတို့ဖမ်းတဲ့ ကားက သစ်တော့မပါဘူး၊ ဒါပေမယ့် လိုင်စင်မဲ့ဖြစ်နေတယ်။ ဒီတော့ ရဲစခန်းကိုအပ်တယ်။ အဲဒီမှာ သူတို့ စီးနင်းအသုံးပြုတဲ့ ကားက လည်း လိုင်စင်မဲ့ပဲ၊ ဒါကြောင့် သူတို့ကြတော့ လိုင်စင်မဲ့ကား စီးခွင့်ရှိသလားဆိုပြီး တိုင်တန်းထားတာပါဟု ကိုကျော်တင့်လွင်က ဆိုသည်။
အဆိုပါ လိုင်စင်မဲ့ယာဉ် စီးနင်းအသုံးပြုမှုကို ဧပြီ ၃ ရက်က ဥက္ကံရဲစခန်းတွင် တိုင်တန်းခဲ့ပြီး ဧပြီ ၄ ရက်တွင် စခန်းမှူးက အုပ်ချုပ်ရေးမှူးများရှေ့တွင် သစ်တောဘက်မှ ပြန်လည်ရှင်းလင်းချက်ကို တဆင့် အသိပေးပြော ဆိုခဲ့သည်ဟု ဆိုသည်။
သစ်တောဦးစီးမှူးနှင့်အဖွဲ့ စီးနင်း အသုံးပြုသည့် မတ်တူးအဖြူရောင် ရွှေငါးယာဉ်မှာ ဖေဖော်ဝါရီ ၂၃ ရက်က တိုက်ကြီးမြို့နယ်နှင်းဆီခြံရှေ့တွင် တရားမ၀င် သစ်ပရိဘောဂများနှင့်အတူ ဖမ်းဆီးရမိသည့် လိုင်စင်မဲ့ ယာဉ်ဖြစ်ပြီး ခရိုင်သစ်တော ဦးစီးဌာန ခွင့်ပြုချက်ဖြင့် အသုံးပြုနေခြင်း ဖြစ်သည်ကို မြို့နယ်သစ်တောဦးစီး ဌာနဘက်က တရားလိုကို ပြန်လည်ရှင်းပြထားခဲ့သည်ဟု တရားလိုက ဆိုသည်။
“ကျွန်တော်တို့အနေနဲ့ ပြည်သူတွေ လိုင်စင်မဲ့ကား စီးတာကြတော့ ဖမ်းနေပြီး။ သူတို့လို ဌာနာဆိုင်ရာတွေ လိုင်စင်မဲ့ကား စီးနင်းခွင့် ရှိသလား သိချင်ပါတယ်” ဟု ကိုကျော်တင့်လွင်က ဆိုသည်။
ထို့ပြင် တရားမ၀င်သစ်များ တင်ဆောင်စဉ် ဖမ်းဆီးခဲ့သည့်ကားဖြစ်ပြီး ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ဖြင့် တင်ပြပြီးပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသည့် ယာဉ်ဖြစ်သည်ဟု သစ်တောဦးစီး မှူးဖြစ်သူ ဦးသိန်းနိုင်ကြွယ်က မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ရှင်းပြခဲ့သည်။
အဆိုပါအမှုနှင့် ပတ်သက်ပြီး ဥက္ကံရဲ စခန်းမှ စခန်းမှူးဖြစ်သူ စိုးဝင်းက “ဒီအမှုကို စိစစ်နေဆဲပဲ ဖြစ်ပါတယ်” ဟု မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့သည်။
သို့သော်လည်း ဥပဒေပိုင်းဆိုင်ရာတွင် မည်သည်ဌာနဆိုင်ရာဖြစ်စေ၊ လူပုဂ္ဂိုလ်ပင် ဖြစ်စေ လိုင်စင်မဲ့ယာဉ် အား အသုံးပြုစီးနင်း ပိုင်ခွင့်မရှိကြောင်းနှင့် စီးနင်းအသုံးပြုနေပါက ဥပဒေဖြင့် အရေးယူနိုင်သည်ဟု စီးပွား ရေးနှင့် ဥပဒေလမ်းညွှန် ဦးတင်သန်းဦးကပြောသည်။
No comments:
Post a Comment