စောသိန်းမြင်
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ထီးဝါ့ပလောကျေးနယ်၊ ပေါလောခိုကျေးရွာတွင် ရွာသား ၂၀၀ကျော်သည် အစာအဆိပ်သင့်မှုဖြစ်ပွား၍ ယခု မြ၀တီဆေးရုံ၌ အရေးပေါ်လူနာအဖြစ် ဆေးကုသမှုခံယူနေရသည်ဟု သိရှိရသည်။
ယခုလ ဧပြီ ၁၉ ရက်နေ့က ပေါလောခို ကျေးရွာဘုန်းကြီးကျောင်း၌ အတာသင်္ကြန်အပြီး ကျင်းပသည့် စုပေါင်းအလှူပွဲတွင် ကျွေးမွေးသော သင်္ကြန်ထမင်းကို စားသုံးမိရာမှ ယင်းကဲ့သို့ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အစာအဆိပ်သင့်သူများကို ကိုယ်တိုင် ကူညီပေးနေသူ ၎င်းရွာမှ ရွာသား စောတေးလေးက ပြောသည်။
သူက “ကျနော်တို့ ချက်ထားတဲ့ သင်္ကြန်ထမင်းရယ်၊ ပဲဝါနဲ့ မန်ကျည်းရွက်ရောချက်ထားတဲ့ သင်္ကြန်ထမင်းရဲ့ အစာရယ်။ အဲဒါကို စားပြီးပြီးချင်း ညနေမှာပဲ အော့အန်ကြတယ်။ ၀မ်းသွားတာတွေ ဖြစ်တယ်။ အခု မြ၀တီဆေးရုံကို ရောက်လာတော့တာပဲ။ ဆေးရုံမှာ ၂ရက်ရှိပြီ”ဟု ကေအိုင်စီသို့ ပြောဆိုသည်။
သင်္ကြန်ထမင်းအစာချက်လုပ်ရန် ပဲဝါကို ၎င်းတို့ ကျေးရွာနှင့် မနီးမဝေးရှိ သင်္ဃန်းညီနောင်ကျေးရွာ၌ ရွာသားများမှ သွားရောက်ဝယ်ယူကြသော်လည်း သင်္ကြန်ထမင်းနှင့် အစာကိုမူ ရွာသားများကိုယ်တိုင် ချက်လုပ်ခဲ့ခြင်းဖြစ်သည်ဟု စောတေးလေးက ဆက်ပြောသည်။
အဆိုပါ အစာဆိပ်သင့်သူ ရွာသားများမှာ ကလေးနှင့် လူကြီး ထက်ဝက်ရှိပြီး၊ ၎င်းတို့မှာ မူးဝေခြင်း၊ ကိုယ်ပူခြင်း၊ အော့အန်ခြင်းနှင့် ၀မ်းသွားခြင်းစသည့် လက္ခဏာများတွေ့ရှိရသည်ဟု ပေါလောခို ကျေးရွာခန့် ဆေးဝန်ထမ်း တစ်ဦးက ကေအိုင်စီသို့ ပြောသည်။
“ဆရာဝန်တွေ ပြောတာက အစာအဆိပ်သင့်တာပဲ။ အစာကို စစ်ဆေးကြည့်အခါကျတော့ ဘာမှ မပေါ်ဘူး။ အခုတော့ သေတဲ့လူ တစ်ယောက်မှ မရှိဘူး။ စုစုပေါင်းလူ ၂၅၀ လောက်ရှိတယ်။ တစ်ချို့လူနာတွေက နည်းနည်း သက်သာလာတာတွေ့နေရပြီ။ ”ဟု ၎င်းက ပြောသည်။
မြ၀တီမြို့၏ အနောက်မြောက်ဘက်ရှိ ပေါလောခိုကျေးရွာသည် ကားဖြင့် (၂၀)မိနစ်ကျော် မောင်းနှင်ရပြီး အိမ်ခြေပေါင်း ၁၈၀ကျော်ရှိသည်။ ၎င်းရွာသားများသည် ကျေးရွာဘုန်းကြီးကျောင်းတွင် စုပေါင်းအလှူပွဲကို မြန်မာ့ရိုးရာ အတာသင်္ကြန်အပြီး နှစ်စဉ်နှစ်တိုင်း ပြုလုပ်လျှက်ရှိသော်လည်း ယခုကဲ့သို့ အစာအဆိပ်သင့် ဖြစ်ပွားသည်မှာ ပထမဆုံး အကြိမ်ဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment