လှမောင် (စစ်တွေ)
ဦးမောင်သိန်း ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လာစေရန် လိုအပ်သော ဆေးဝါး အထောက်အပံ့များနှင့် ရန်ကုန်မြို့သို့ သွားရောက်ကာ အချိန်မီ ဆေးကုသမှုပြုလုပ်နိုင်ရန်တို့အတွက် မိသားစုနှင့် ရင်းနှီးသော လူငယ်တစ်စုက ယနေ့မှ စတင်ကာ အလှူငွေများ ကောက်ခံနေကြောင်း သိရသည်။
ဦးမောင်သိန်းတို့အနေဖြင့် ကျန်းမာစွာ ရှိနေခဲ့စဉ်က ရခိုင်အမျိုးသားရေးကိစ္စရပ်များတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့မှုတို့ကို ထောက်ရှု၍ ပြည်တွင်း/ပရှိ ရခိုင်အမျိုးသားများအနေဖြင့် ကူညီစောင့်ရှောက်ပေးပါရန် အလှူငွေကောက်ခံခြင်းကို စေတနာထက်သန်စွာဖြင့် ဦးဆောင်ပါဝင်နေသူ ကိုနေမင်းအောင်က ပြောသည်။
"ဦးမောင်သိန်းဟာ အမျိုးသားရေးကိစ္စတွေနဲ့ ပတ်သက်လာရင် အမြဲတမ်းတက်ကြွနေခဲ့သလို သူ့သားဖြစ်သူဟာလည်းပဲ ရခိုင်လူမျိုး အကျိုးအတွက် အမြဲတမ်း ရှေ့တန်းက အဆင့်သင့်ရှိနေပါတယ်။ ဒီလိုမျိုး ကိုယ့်လူမျိုး အကျိုးကို အမြဲတမ်း ဦးစားပေးတဲ့ မိသားစုတစ်စုဟာ တကယ်တမ်း အရေးကြုံလာတဲ့အခါမှာ အထူးသဖြင့် အသက်အန္တရာယ်နဲ့ နီးကပ်နေချိန်မှာ ကျနော်တို့ ပြည်သူတွေအနေနဲ့ ပြန်ပြီးတော့ ကူညီစောင့်ရှောက်ပေးသင့်ပါတယ်။ ကျနော် သူ့မိသားစု ကိုယ်စား ရခိုင်အမျိုးသားတွေကို အကူအညီတောင်းပါတယ်။ ဦးမောင်သိန်း အခြေအနေ ပြန်လည်ကောင်းမွန်လာဖို့ ကူညီပေးကြပါ"
ကျန်းမာရေး ကူညီစောင့်ရှောက်မှု ရရှိရန် ငွေကြေးအခက်အခဲအချို့ကြောင့် အသက်ပါ ဆုံးရှုံးသွားရသူများ ရှိနေကြသည့်အတွက် ထိုအစဉ်အလာကို မိမိအနေဖြင့် မနှစ်မြိုကြောင်း၊ အချိန်မီ ကုသပါက ဦးမောင်သိန်း၏ ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်လာနိုင်မည်ဟု ယူဆကြောင်းနှင့် အမှုနှင့် လုံးဝ မသက်ဆိုင်သူ တစ်ဦး ယခုလိုမျိုး အသက်ဆုံးရှုံးမှု မရှိစေရန် ရခိုင်အမျိုးသားများအနေဖြင့် တတ်အားသရွေ့ ကူညီကြရန် ကိုနေမင်းအောင်က တိုက်တွန်းပြောကြားသွားသည်။
ဦးမောင်သိန်းမှာ ဧပြီ ၇ ရက်နေ့မှ စတင်ကာ ယနေ့အထိ သတိလစ်နေပြီး စစ်တွေဆေးရုံမှ ကျန်းမာရေးစောင့်ရှောက်မှုများမှာ ကျေနပ်အားရဖွယ် မရှိကြောင်း သိရသည်။ သို့ဖြစ်၍ ရန်ကုန်မြို့သို့ အချိန်မီ သွားရောက် ကုသမှုပြုလုပ်ရန် လိုအပ်နေကြောင်း သိရသည်။
၎င်းအပြင် ဦးမောင်သိန်း ကျန်းမာရေးပြန်လည်ကောင်းမွန်လာစေရေးအတွက် ယနေ့ညတွင် လောကနန္ဒာစေတီတော်မြတ်၌ ဆုတောင်းပွဲများပြုလုပ်ပေးသွားမည်ဖြစ်ပြီး ၊ ငါးရှင်လွှတ်ခြင်း၊ ယတြာချေခြင်း ၊ မွေးနံဂြိုလ်တွင် သောက်ရေချမ်းအိုးများလှဲခြင်း၊ အမွေးနံသာတိုင်များ ပူဇော်ထွန်းညှိခြင်း စသည်တို့ကိုလည်း အဆိုပါ လူငယ်များမှ ဆက်တိုက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အလှူငွေများကို ပေးပို့လိုပါက - ဦးမောင်သိန်း၏ သားကြီးဖြစ်သူ ကိုနိုင်စိုး ၊ မှတ်ပုံတင်အမှတ် - ၁၁/စတန (နိုင်) ၀၆၄၁၄၁ ၊ ဖုန်း - ၀၉၄၂၁၇၆၀၁၃၉ နှင့် ကိုနေမင်းအောင် ၊ မှတ်ပုံတင်အမှတ် - ၁၁/စတန(နိုင်) ၀၇၀၈၀၄ ၊ စစ်တွေကမ္ဘောဇဘဏ် ၊ ဖုန်း - ၀၉၃၁၉၈၀၅၇၃ သို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း သိရသည်။

No comments:
Post a Comment