ဟိန်းကိုစိုး
သန်းခေါင်စာရင်း ကောက်ယူမှုနောက်ဆုံးနေ့ထိ ခန့်မှန်းချက်များအရ လူဦးရေ၏ တစ်ရာခိုင်နှုန်းအောက်သာ သန်းခေါင်စာရင်းတွင်မပါဘဲ ကျန်ရှိနိုင်မည်ဟု ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက မဇ္ဈိမကို ခန့်မှန်းပြောကြားသည်။
သန်းခေါင်စာရင်းကောက်ယူမှုကိုးရက် မြောက်သည့်နေ့အထိ နိုင်ငံတစ်ဝန်းတွင် ကောက်ယူမှု ရာခိုင်နှုန်း ၈၀ ကျော် ပြီးစီးပြီဖြစ်သည်ဟု ပြည်သူ့အင်အားဦးစီးဌာနက ထုတ်ပြန်ထားသည်။
“အခုရခိုင်ဘက်က တချို့ဘင်္ဂါလီတွေ ပြန်အကောက်ခံတာတွေရှိတယ်။ နေ့ဘက်မှာ အကောက်မခံသူတွေက ညဘက်တွေမှာ ရုံးအထိလာစာရင်းပေးတာရှိတယ်။ နောက်တစ်ခုက ကေအိုင်အိုဘက်ဆို သူတို့ ဌာနချုပ်ရယ် အနီးအနား ရွာတချို့တွေရယ်ပဲ ကျန်မှာ။ အဲဒါကြောင့် တစ်ရာခိုင်နှုန်းအောက်ပဲ ကျန်နိုင်တယ်” ဟု ဦးမြင့်ကြိုင်က ပြောသည်။
လက်ရှိမြန်မာနိုင်ငံ၏ လူဦးရေသည် သန်းခေါင်စာရင်းမကောက်မီ ခန့်မှန်းချက်အရ သန်း ၆၀ ရှိကာ ရခိုင်ပြည်နယ်အတွင်း နေထိုင်သည့် ဘင်္ဂါလီ ဦးရေသည် ၂၀၁၂ ခုနှစ်တွင် ကောက်ယူထားသော စာရင်းအရ ခုနစ်သိန်းကျော်ထိရှိသည်ဟု ပြည်သူ့အင်အားဦးစီးဌာနထံမှ သိရသည်။
“ကျွန်တော်တို့မောင်တောမှာ ဘယ်သူမှ အကောက်မခံပါဘူး။ ရိုဟင်ဂျာလို့ ထည့်တာကို လက်မခံတဲ့ အတွက်ပါ။ အကောက်ခံတာ တစ်ဦးလောက်ပဲရှိပါတယ်။ အဲဒါကလည်း အိန္ဒိယနွယ်ဖွားဆိုပြီး ဖြေလိုက်တာပါ။ ရုံးကို သွားပြီးဖြေတယ်ဆိုတာလည်း မရှိပါဘူး”ဟု မောင်တောမြို့နယ်နှင့် မိုင် ၂၀ ခန့် ဝေးကွာ သည့် တဲဦးချောင်းကျေးရွာနေ ဦးလှမောင်ကပြောသည်။
သန်းခေါင်စာရင်းကောက်ယူချိန် အတွင်းနေအိမ်များတွင်မရှိသူများ စာရင်းအတွင်း ပါဝင်နိုင်ရေးအတွက် ဧပြီ ၉ ရက် တွင် ဦးခင်ရီဦးဆောင်ကာ ပြည်သူ့အင်အား ဦးစီးဌာနတွင် အစည်းအဝေးပြုလုပ်ခဲ့ကြသည်။ တိုင်း၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ သန်းခေါင်စာရင်းကော်မရှင်ရုံးများသို့ ၎င်းတို့ မကျန်ရှိစေရေး အသိပေး ဆက်သွယ်ဆောင်ရွက်ရေးအတွက် ညွှန်ကြားရန် စည်းဝေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
No comments:
Post a Comment