Thursday, April 3, 2014

ငရုတ်ကောင်းမြို့နယ်ခွဲတွင် တည်ဆောက်မည့် ကျောက်မီးသွေးစက်ရုံနှင့် ပတ်သက်၍ ဆွေးနွေးမည်

နီနီမြင့်

ဧရာဝတီတိုင်း၊ ငရုတ်ကောင်းမြို့နယ်ခွဲ ငရုတ်ကောင်းကျေးရွာအနီးတွင် အိန္ဒိယနိုင်ငံ တာတာကုမ္ပဏီမှ ကျောက်မီးသွေးစက်ရုံ တည်ဆောက်မည့်အပေါ် လူထုအခြေပြုအဖွဲ့အစည်းများ အမြင်ချင်းဖလှယ် ဆွေး နွေးပွဲကို ဧပြီလ ၂ ရက်နှင့် ၃ ရက်များတွင် ကျင်းပသွားမည်ဖြစ်သည်။

ဆွေးနွေးပွဲကို ငွေဆောင်မြို့နယ်တွင် ကျင်းပမည်ဖြစ်သည်ဟု သဘာဝသယံဇာတ အရင်းအမြစ်များ တူးဖော်ထုတ်ယူသုံးစွဲရေးဆိုင်ရာ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေးအဖွဲ့မှ ဧရာဝတီတိုင်း ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် ကိုမိုးက ပြောသည်။

“တကယ်လို့ စီမံကိန်း အကောင်အထည်ဖော်လာရင် ပွင့်လင်းမြင်သာမှု ရှိရဲ့လား၊ ဒေသခံတွေအကျိုးကို ရှေးရှုမှာလား၊ ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရင် ဖြစ်ပေါ်လာမယ့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု နဲ့ ဒေသခံတွေကို ထိခိုက်မှုတွေ ဘယ်လိုရှိနိုင်လဲ”ဟု ကိုမိုးက ပြောသည်။

စုစုပေါင်း အရပ်ဘက်လူ့အဖွဲ့အစည်း အနည်းဆုံး ၁၅ ဖွဲ့နှင့် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများအပါ အ၀င် စုစုပေါင်း လူပေါင်း ၆၀ ခန့် တက်ရောက်မည်ဟု လျာထားသည်။ ဆွေးနွေးပွဲသည် ကျောက်မီး သွေးစက်ရုံ တည်ဆောက်ခြင်းအပါအ၀င် ငရုတ်ကောင်းရွာအနီး ဘိလပ်မြေစက်ရုံ တည်ဆောက်မည့် ကိစ္စကိုလည်း ထည့်သွင်း ဆွေးနွေးသွားမည်ဖြစ်သည်။

“ဒီနေရာမှာ ကျောက်မီးသွေးစက်ရုံ တည်ဆောက်မယ်လို့ အစိုးရက တရားဝင် သတင်းထုတ်ပြန်ထားတာမျိုး မရှိပါဘူး။ ဒါပေမဲ့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ အဖွဲ့အစည်းတွေ ပုံမှန်တွေ့နေကျ တာဝန်ခံနိုင်မှုနဲ့ဆိုင်တဲ့ နောက်ဆုံးကျင်းပခဲ့တဲ့ အစည်းအဝေးမှာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်မှတ်ထိုး တာတာတော့ ဟုတ်တယ်”ဟု ကိုမိုးက ဆိုသည်။

ငရုတ်ကောင်းမြို့နယ်သည် ငွေဆောင်မှ ခန့်မှန်းခြေ မိုင် ၂၀ ခန့်အကွာတွင် တည်ရှိသည်။ ကျောက်မီးသွေး စက်ရုံကို ငရုတ်ကောင်းမြို့နယ်၊ ငရုတ်ကောင်းရွာနှင့် ၇ မိုင် ၄ ဖာလုံကွာသောနေရာတွင် တည် ဆောက်ရန် လျာထားသည်။

၆၆၀ မီဂါဝပ် ထုတ်လုပ်နိုင်သော ကျောက်မီးသွေးစက်ရုံကို တာတာကုမ္ပဏီမှ တည်ဆောက်မည်ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်မတိုင်မီ စက်ရုံလည်ပတ်ရန် ရည်ရွယ်ထားသည်။ လက်ရှိတွင် စီမံကိန်းမြေတိုင်းခြင်း၊ မြေရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

No comments: