Thursday, April 10, 2014

စားကျက်မြေ ဧက ၁၀၀၀ ကျော် ပြန်ရရန် လယ်သမားများက တိုင်းအစိုးရနှင့် တိုက်ရိုက်တွေ့ တောင်းဆို

စည်သူမောင်မောင်

ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်အတွင်းရှိ ကျုံကနက် ဒီရေကာတော စားကျက်မြေများ ပြန်လည်ရရှိရန် တိုင်းဝန်ချုပ်ထံ တောင်းဆိုခြင်း အပါအ၀င် ပုဒ်မ ၄၄၇၊ ပုဒ်မ ၄၂၇တို့ ဖြင့် တရားရင်ဆိုင်နေသူ လယ်သမား ၄၄ ဦးကိုလည်း အမှုပိတ်သိမ်းပေးရန် ဒေးဒရဲမြို့နယ်မှ လယ်သမား ၃၉ ဦးက ဧပြီ ၇ ရက်တွင် ပုသိမ်မြို့ရှိ တိုင်းအစိုးရ အုပ်ချုပ်ရေမှူးရုံးသို့ လာရောက်တောင်းဆိုလိုက်သည်။

အဆိုပါ လယ်သမားများထဲမှ လယ်သမား ၈ ဦးသည် တိုင်းဝန်ကြီးချုပ်၊ တိုင်းတရားသူကြီးချုပ်၊ တိုင်းတရားရှေ့နေချုပ်၊ တိုင်းမြေစာရင်းဦးစီးဌာ၊ တိုင်းရဲတပ်ဖွဲ့ မှူး၊ တိုင်းလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မြေစာရင်းဦးစီးမှူးအပါအ၀င် မြို့နယ်ဥပဒေ အရာရှိများနှင့် တိုင်းအစိုးရရုံးတွင် ဧပြီ ၈ ရက်နံနက်ပိုင်းတွင် တွေ့ ဆုံဆွေးနွေးခွင့် ရရှိခဲ့သည်ဟု တွေ့ဆုံခွင့်ရသူ ကျုံကနက် ကျေးရွာမှ ဦးချိုလွင်က မဇ္ဈိမကို ပြောသည်။

“ဒီရေကာတာနဲ့ စားကျက်မြေများမှာ တိုင်းဒေသကြီးအစိုးရကလည်း သစ်ပင်တွေစိုက်ပျိုးမယ်။ ဒေသခံများကလည်း အပင်များစိုက်ပျိုးလုပ်ကိုင်မယ်” ဟု ဧရာဝတီတိုင်း ၀န်ကြီးချုပ်က ဦးသိန်းအောင်က ပြောဆိုထားသည်ဟု ၎င်းကပြောသည်။

စားကျက်မြေဧက ၂၀၀၀ ကျော်တွင် ဒေးဒရဲမြို့နယ်၊ လေးရွာ၊ ကျုံဒါး၊ မရမ်းကျွန်း၊ ရေတွင်းကုန်းနှင့် သံတိတ် ကျေးရွာများမှ တောင်သူလယ်သမားများက ၁၉၉၃ ခုနှစ်တွင် ၀င်ရောက်ခုတ်တွင်းရှင်းလင်းကာ လယ်စိုက်ပျိုးလုပ်ကိုင်ခဲ့သော်လည်း လယ်ယာမှတ်ပုံတင်များကိုမူ မြေစာရင်းဦးစီးဌာနမှ ထုတ်ပေးထားခြင်းမရှိဟု စားကျက်မြေအဖြစ်တောင်းဆိုသူ လယ်သမားများက ထောက်ပြပြောဆိုသည်။

ဒေးဒရဲ၊ ကျုံကနက် ကျေးရွာသားများ တရားစွဲဆိုခံထားရသည့် ပုဒ်မ ၄၄၇၊ ပုဒ်မ ၄၂၇တို့အား ဖျက်သိမ်းပေးရန်နှင့် စားကျက်မြေပြန်ထားရန် တောင်းဆိုခဲ့သည့်အပေါ် တိုင်းအစိုးရ တာဝန်ရှိသူများက ဥပဒေကြောင်းအရ မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန်ဆောင်ရွက်ပေးမည်ဖြစ်ပြီး စားကျက်မြေများ ပြန်လည် လုပ်ဆောင်ပေးမည်ဟု တုန့်ပြန်ပြောဆိုလိုက်ကြောင်း လာရောက်ညှိနှိုင်းသူ လယ်သမားများက ပြောသည်။

“ကျွန်မတို့ က ၄လပိုင်းအကုန်အထိတော့စောင့်နေမယ်။ မလုပ်ရင် ကျွန်မတို့ ကျေးရွာ ၄၇ ရွာ လူထုအားနဲ့ သစ်ပင်တွေ ၀င်စိုက်မယ်။ အခု တိုင်းဒေသကြီးအစိုးရ ဖြေကြားမှုကိုတော့လက်ခံပါတယ်။ တကယ်လုပ်ပေးဖို့တော့ လိုတယ်” ဟု ကျုံကနက်ကျေးရွာမှ ဒေါ်စိုးစိုးက မဇ္ဈိမကို ပြောသည်။

ဒေးဒရဲမြို့နယ်၊ တော်ကနိကျေးရွာအုပ်စု ညောင်လိန်ကုန်းကျုံဒါတ်ကျေးရွာအုပ်စု အတွင်းရှိ ဒီရေကာတော စားကျက်မြေ ၂၀၈၄ ဧကအား ကျေးရွာ ၄၇ ရွာမှ ပြည်သူများနှင့် ကျွဲနွားများ မှီခိုအားထားနေရာတွင် ၁၉၉၃ခုနှစ်မှ စတင်ပြီး လယ်ယာမြေများအဖြေစ် လုပ်ကိုင်ခဲ့မှုများရှိခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ဒေသခံ လယ်သမားများက ကျွဲနွားများ စားကျက်မြေအတွင်း လွှတ်ကျောင်းမှုကြောင့် ယင်းနှစ် အောက်တိုဘာလ အတွင်း လယ်သမား(၄၄)ဦးအားပုဒ်မ(၄၄၇)၊ (၄၂၇)တို့ ဖြင့် တရားစွဲဆိုခံထားရသည်။

No comments: