Tuesday, April 1, 2014

ရန်ကုန်သပိတ်စခန်းများ အင်အားသုံးဖျက်ဆီးခံရမှု သပိတ်စခန်းသုံးခုပေါင်း ဆန္ဒပြကန့်ကွက်

နန်းမြင့်

ရန်ကုန်ရှိ သပိတ်စခန်းနှစ်ခုကို အင်အားသုံးဖျက်သိမ်းခဲ့သည်ကို မကျေနပ်၍ သပိတ်စခန်းသုံးခုမှ ပြည်သူ့အင်အား ၃၀၀ ၀န်းကျင်က မဟာဗန္ဓုလပန်းခြံရှေ့၌ မတ်လ ၃၀ ရက်၊ ညနေတွင် ဆန္ဒထုတ်ဖော်ခဲ့သည်။

မတ်လ ၃၀ ရက် နံနက် ၃ နာရီခွဲတွင် အင်အားထောင်ချီရှိသည့် အရပ်ဝတ် လက်ပတ်အနီရောင်စီးထားသူများသည် သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်သပိတ်စခန်းနှင့် တာမွေမြို့နယ် မြန်မာ့ဂုဏ်ရောင်သ ပိတ်စခန်းတို့ကို ဖျက်သိမ်းခဲ့သည့်အတွက် ယင်းနေ့ညနေ ၃နာရီတွင် အဆိုပါသပိတ်စခန်းနှစ်ခုနှင့် မရမ်း ကုန်မြို့နယ်၊ (၆)ရပ်ကွက် သပိတ်စခန်းတို့ ပူးပေါင်း ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

အစိုးရမှ အင်အားသုံးဖြေရှင်းသည့်အပေါ် ကန့်ကွက်ရှုတ်ချသည့်အနေဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆန္ဒထုတ်ဖော်သူများက ဆိုသည်။

မိကျောင်းကန်သပိတ်စခန်းမှ ဒေါ်စောစန္ဒာက “ခေါင်းဆောင်ကိုစိန်သန်းကိုခေါ်ပြီး အမိုးတွေ ဖျက်ပေးဖို့ ပြောတယ်။ မဖျက်ဘူးပြောတော့ သူတို့လူအင်အား ၃,၀၀၀ လောက်နဲ့ အမိုးတွေဖျက်ပြီး ဆွဲချသွားတယ်။ ထိခိုက်တာတော့ သိပ်မရှိပါဘူး။ အစိုးရရဲ့ သူတို့လိုတာတစ်ခုကိုပဲကြည့်ပြီး လူလူချင်း ကိုယ်ချင်းစာနာ စိတ်မရှိဘဲ လာလုပ်တာတော့ ရှုတ်ချကန့်ကွက်ပါတယ်”ဟု ပြောသည်။

သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ မှ ထိုင်သပိတ် ဆန္ဒပြအဖွဲ့ကို အင်အားသုံးဖျက်သိမ်း ပြီးနောက် မတ်လ ၃၀ ရက် နံနက်ပိုင်းမှာပင် မဟာဗန္ဓုလပန်းခြံနှင့် စင်္ကြန်တွင် အမိုးအကာ အဖီအဆွယ် များ ဖျက်သိမ်းပေးရန် စည်ပင်မှ ကြေညာချက် ထပ်မံ ထုတ်ပြန်ထားသည်။ ထိုကြေညာချက်တွင် “အမိုး အကာများ ထပ်မံဆောက်လုပ်ပါက စည်ပင်ဥပဒေဖြင့် အရေးယူသွားမည်ဖြစ်သည်”ဟု ပါရှိသည်။

ကုန်ဈေးနှုန်းကျဆင်းရေးမှ ဦးထင်ကျော်က “မိဘပြည်သူတွေ နစ်နာမှုတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖော်ထုတ်နေတဲ့အချိန်မှာ ဒီလို တာဝန်မဲ့စွာနဲ့ အဓမ္မဖြေရှင်းခံရတဲ့ကိစ္စကို လုံးဝကန့်ကွက်ရှုတ်ချပါတယ်”ဟု ပြောသည်။

ယင်းသပိတ်စခန်းကို ဖျက်ဆီးခဲ့ရာတွင် အရပ်ဝတ်များဖြင့် လက်ပတ်အနီပတ်ထားသည့် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးများ ထောင်ချီက ၀င်ရောက်ဖျက်ဆီးခဲ့ပြီး စည်ပင်သာယာရေးဝန်ထမ်းများနှင့် ရဲများ စောင့်ကြည့်နေခဲ့ကြသည်ဟု ဆိုသည်။

မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃မှ မြေသိမ်းခံရသူများက ၂၀၁၄ ခုနှစ် မတ်လ ၂၄ ရက်က ဆူးလေတွင် တတိယအကြိမ် သပိတ်စခန်း ဖွင့်လှစ်ခဲ့သည်။ တာမွေမြို့နယ် မြန်မာ့ဂုဏ်ရောင်အိမ်ရာ ပထမအကြိမ် သပိတ်စခန်းကို ဇန်န၀ါရီ ၃၀ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး မတ်လ ၃၀ ရက်အထိ သပိတ်စခန်းဖွင့်ထားခဲ့ ရာမှ ဖျက်သိမ်းခံရခြင်းဖြစ်သည်။ မရမ်းကုန်းမြို့နယ်၊ (၆) ရပ်ကွက် တော်ဝင်ချယ်ရီအိမ်ရာသပိတ်စခန်း ကို မတ်လ ၂၅ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့တိုင် ဖွင့်ထားဆဲဖြစ်သည်။

No comments: