သီဟကိုကို
ပြည်ပ အပန်းဖြေခရီးစဉ်များဟုဆိုတိုင်း ဈေးနှုန်းကြီးမြင့်လေ့ရှိသည်ဟု ခရီးသည်များက ထင်မြင် ယူဆကြသည်။
လာမည့် မြန်မာနှစ်သစ်ကူးသင်္ကြန် ပိတ်ရက်များအတွင်း အပန်းဖြေခရီးသွားကြမည့် သူများအနေဖြင့် ပြည်တွင်းခရီးစဉ်များ တင်သာမက ပြည်ပခရီးစဉ်များသို့ပါ ပိုမို သွားရောက်ကြဖွယ်ရှိသည်ဟု ခရီးသွားလုပ်ငန်း အသိုင်းအ၀ိုင်းက မျှော်မှန်းလျက် ရှိနေကြသည်။
သင်္ကြန်အပန်းဖြေ ခရီးစဉ်အဖြစ်သွားရောက်ရာတွင် ချောင်းသာနှင့် ငွေဆောင်ကမ်းခြေများသို့ သာမကဘဲ အိမ်နီးချင်း ထိုင်းနှင့် စင်ကာပူနိုင်ငံများသို့လည်း သွားရောက်လည်ပတ်မှုများ ရှိသည်။ သင်္ကြန်နားရက်များ အတွင်း ပြည်တွင်းကမ်းခြေများသို့ လာရောက်သူများ တစ်နှစ် ထက်တစ်နှစ် များပြားလာသကဲ့သို့ ကမ်း ခြေများရှိ တည်းခို၊ စားသောက်စရိတ်များမှာလည်း ပုံမှန်ရက်များထက် အဆမတန် များပြားလာလျက်ရှိရာ ပြည်ပ အလည်အပတ် ခရီးစဉ်ဈေးနှုန်းများနှင့် မတိမ်းမယိမ်း အခြေအနေသို့ ရောက်ရှိလာလျက်ရှိသည် ဟု ခရီးသွားလုပ်ငန်း အသိုင်းအ၀ိုင်းက ပြောဆိုလျက် ရှိကြသည်။
သင်္ကြန်ကာလအတွင်း ချောင်းသာ၊ ငွေဆောင်ကမ်းခြေ ဟိုတယ်များရှိ အခန်းခနှုန်းထားမှာ အနည်းဆုံး နှစ်ဆခန့် မြင့်တက်လေ့ ရှိသည်။ ကမ်းခြေဟိုတယ်များတွင် ပုံမှန်ရက်များဆိုလျှင် အခန်းတစ်ခန်း အတွက် တစ်ရက်လျှင် အနည်းဆုံး လေးသောင်းကျပ်၊ ငါးသောင်းကျပ်ရှိရာမှ သင်္ကြန်ရက်များတွင် ရှစ်သောင်းကျပ်၊ တစ်သိန်းကျပ်အထိ ဈေးနှုန်းများ မြင့်တက်သွားလေ့ ရှိသည်။ အပန်းဖြေသူ များပြားသည့်အတွက် ဈေးနှုန်း ကြီးမြင့်ခြင်း ဖြစ်သည်။ သို့သော် တစ်ဖက်တွင် ပြည်ပခရီးစဉ်များကို သင်္ကြန်ကာလအတွင်း အထူးလျှော့ ဈေးဖြင့် ပို့ဆောင်ပေးခြင်းများလည်း ရှိလာခဲ့သည်။
ချောင်းသာကမ်းခြေ ဟိုတယ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်ဟိုးက “ဈေးကွက် လိုအပ်ချက်အရ ဟိုတယ်အခန်းခနှုန်းထားတွေက နှုန်းထားတစ်ခုထိ ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ လိုအပ်တာထက် ပိုပြီးဈေးမြင့်လာရင်တော့ ထိုင်းနိုင်ငံက ပတ္တရားကမ်းခြေလို နေရာတွေကို Market သဘောအရ ဈေးသိပ် မကွာရင် သွားမှာဖြစ်တဲ့အတွက် မတန်တဆ ဆိုတာတွေ ဖြစ်မလာအောင်တော့ ဒီနှစ်မှာ လုပ်ငန်းရှင်တွေ အချင်းချင်း ဆွေးနွေးညှိနှိုင်းထားတယ်။ သိပ်ပြီး မတန်တဆဖြစ်လာတာမျိုးတွေ မရှိရအောင် ၀ိုင်းထိန်းတာ ပါ” ဟု ဆိုသည်။
မြန်မာနိုင်ငံနှင့်နည်းတူ သင်္ကြန်ပွဲတော် ဆင်နွှဲလေ့ရှိသည့် အိမ်နီးချင်းထိုင်းနိုင်ငံရှိ ပတ္တရားကမ်းခြေတွင် တည်းခိုစရိတ်၊ စားစရိတ်၊ လေယာဉ်လက်မှတ်ခ အပြီးအစီး ငါးည ခြောက်ရက်ခရီးစဉ်များသည် အနည်း ဆုံး ကျပ်ငါးသိန်းမှ အများဆုံးကျပ် ခုနစ်သိန်းခန့် ကုန်ကျစရိတ် ရှိသည်။
ချောင်းသာနှင့် ငွေဆောင်ကမ်းခြေများတွင် ဟိုတယ်နှင့်တည်းခိုရိပ်သာ (ဘန်ဂလိုများ မပါ) ၄၄ လုံးရှိပြီး တစ်နှစ်ထက်တစ်နှစ် အပန်းဖြေသူများ တိုးလာလျက် ရှိနေသည်။ ပြီးခဲ့သည့်နှစ် ဧပြီလတွင် ဟိုတယ်နှင့် တည်းခိုရိပ်သာများတွင် တည်းခိုသူ ၇,၀၀၀ ကျော် ရှိခဲ့သည်။ ယခုနှစ်တွင် ယခင်နှစ်များထက် လာရောက် အပန်းဖြေသူများ ပိုမိုပြားလာရန် မျှော်မှန်းထားကြောင်း ဧရာဝတီတိုင်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ တိုင်းတာဝန်ခံ ဦးအောင်သူက ဆိုသည်။
ဦးအောင်သူက“ဈေးနှုန်းတွေ ပိုမိုကောက်တာမျိုး မဖြစ်စေဖို့ ဟိုတယ်လုပ်ငန်းရှင်တွေ အားလုံးကိုပြောထား ပြီး ဖြစ်ပါတယ်။ ဟိုတယ်ကပေးမဲ့ ၀န်ဆောင်မှုနဲ့ တန်တဲ့ သင့်လျှော်တဲ့ နှုန်းထားတစ်ခုကိုပဲ ယူရမှာပါ” ဟု ပြောသည်။
သင်္ကြန်ကာလများအတွင်း ကမ်းခြေဟိုတယ် အခန်းခနှုန်းထားများ မတန်တဆ ကြီးမြင့်နေပါက အပန်းဖြေ အနားယူမည့် သူများအနေဖြင့် ဈေးနှုန်းအားဖြင့် ကွာခြားမှု နည်းပါးသည့် ပြည်ပ အပန်းဖြေခရီးစဉ်များကို ရွေးချယ် သွားရောက်လာနိုင်သည်ဖြစ်ရာ ယင်းအချက်မှာ ဟိုတယ်များ သတိမူရမည့် အချက်တစ်ချက်ဖြစ် သည်ဟု ငွေဆောင်ကမ်းခြေရှိ ဟိုတယ်မန်နေဂျာ တစ်ဦးက သုံးသပ်သည်။
အခြားကမ်းခြေများနှင့် မတူသည့် ကမ်းခြေတည်နေရာနှင့် ကမ်းခြေအလှအပများရှိသည့် ငပလီကမ်းခြေ သည် ပုံမှန်အချိန်များ၌ပင် အခြားကမ်းခြေရှိ ဟိုတယ်များထက် ဈေးနှုန်းကြီးမြင့်သည့်အတွက် သင်္ကြန်ရက် များအတွက်မူ ထူးထူးခြားခြား ဈေးနှုန်းမြင့်လာခြင်းမရှိဟု ငပလီဟိုတယ် လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျော်စွာ မောင်မောင်က ဆိုသည်။
ငပလီကမ်းခြေသည် သင်္ကြန်ရက်များအတွင်း သွားရောက် အပန်းဖြေမည်ဆိုပါက လေယာဉ်လက်မှတ်ခ ခြောက်သောင်း ငါးထောင်ကျပ်၊ ဟိုတယ်အခန်းတစ်ခန်းလျှင် အနည်းဆုံး တစ်သိန်းနှစ်သောင်း ကျပ်ခန့် ကျသင့်မည်ဖြစ်ရာ သင်္ကြန်နားရက်များအတွင်း အနည်းဆုံး ခုနစ်သိန်းငါး ထောင်ကျပ်ခန့် ကျသင့်မည် ဖြစ် သည်။
ပြည်ပ အပန်းဖြေခရီးစဉ်များဟုဆို တိုင်းဈေးနှုန်းကြီးမြင့်လေ့ရှိသည်ဟု ခရီးသည်များက ထင်မြင်ယူဆကြ လေ့ရှိသည်။ သင်္ကြန်ရက်များအတွင်း ပြည်တွင်းကမ်းခြေ ခရီးစဉ်များမှာ ဈေးနှုန်းကြီးမြင့်လေ့ရှိခြင်း နှင့် သင်္ကြန်ကာလတွင် ပြည်ပခရီးစဉ်များကို သင်္ကြန်အထူးအစီအစဉ်အဖြစ် လျှော့ဈေးနှုန်းများရှိခြင်းတို့ကြောင့် သင်္ကြန်ကာလတွင် ပြည်တွင်းကမ်းခြေခရီးစဉ်နှင့် ပြည်ပခရီးစဉ်နှစ်ခု၏ ကုန်ကျစရိတ်မှာကွာဟမှုမရှိတော့ ကြောင်း ခရီးသွားကုမ္ပဏီများက ပြောသည်။
သင်္ကြန်ကာလတွင် ပြည်ပသို့သွားရောက် အနားယူအပန်းဖြေမည့်သူများသည် ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေ၊ ပတ္တရားကမ်းခြေ၊ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းနှင့် စင်ကာပူနိုင်ငံများသို့ အများဆုံးရွေးချယ် သွားရောက် အပန်းဖြေလေ့ ရှိသည်။
Ruby Land Tourism Services ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးအေးကျော်က “ သင်္ကြန်ကာလမှာ ပြည်ပအပန်းဖြေခရီးစဉ်တွေမှာ ကုန်ကျမယ့်စရိတ်နဲ့ ပြည်တွင်းကမ်းခြေတွေမှာ ကုန်ကျမယ့်စရိတ်နှိုင်းယှဉ် ရင် သိပ်မကွာပါဘူး။ သင်္ကြန်မှာ ပြည်ပသွားတဲ့သူတွေလည်း တစ်နှစ်ထက် တစ်နှစ် များလာပါတယ်။
ကုန်ကျမဲ့စရိတ်ကလည်း မများဘူး။ ဗီယက်နမ်ဆို ငါးသိန်းလောက်ပဲ ရှိတယ်”ဟု ပြောသည်။ မြန်မာနိုင်ငံသားများ အများဆုံး သွားရောက်လေ့ရှိသည် ထိုင်းနိုင်ငံ၊ ပတ္တရားကမ်းခြေခရီးစဉ်သည် သင်္ကြန် ငါးရက်ခရီးစဉ်အတွက် အနည်းဆုံးကျပ် ငါးသိန်း၊ ဖူးခက်ကမ်းခြေအတွက် အနည်းဆုံးကျပ် ခုနစ်သိန်း၊ အင်ဒိုနီးရှား နိုင်ငံရှိ ဘာလီကမ်းခြေအတွက် အနည်းဆုံး ကျပ်ရှစ်သိန်းကျော်၊ စင်ကာပူနိုင်ငံခရီးစဉ်အတွက် အနည်းဆုံး ကျပ်ခုနစ်သိန်း ဈေးနှုန်းများရှိသည်ဟု ခရီးသွားကုမ္ပဏီများက ဆိုသည်။
No comments:
Post a Comment