ရေခဲ(ပြည်)
ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ စက်မှုဇုန် အပိုင်း(၂)တွင် ပုဂ္ဂလိက ရေခဲစက်ရုံတစ်ခုမှ အလုပ်သမားနေအိမ် တဲသုံးလုံးကို ပြည်ခရိုင်တရားရုံးအမိန့်ဖြင့် ဧပြီလ(၂၃)ရက်က ဖယ်ရှားခဲ့သည်ဟု တရားရုံးဝန်ထမ်းတစ်ဦးက မဇ္ဈိမကို ပြောသည်။
“သူများခြံထဲ ၀င်ဆောက်ထားတာကို ပိုင်ရှင်က တရားဆွဲတယ်။ တရားရှုံးလို့ တရားရုံးအမိန့်နဲ့ လာဖျက်တာပါ” ဟု တရားရုံးဝန်ထမ်းက ပြောသည်။
ရေခဲစက်ရုံလုပ်ငန်းရှင်တစ်ဦးက နေရာလွတ်အထင်နှင့် အလုပ်သမားများကို တဲထိုးနေထိုင်စေသဖြင့် ပိုင်ရှင်ဖြစ်သူ တောင်သူဦးကျော်ရင်က တရားရုံးသို့ လျှောက်ထားခဲ့ရာ တရားရုံးက ဖျက်မိန့်ပေးလိုက်ခြင်း ဖြစ်သည်။
ထိုနေ့နံနက် (၁၁)နာရီက န၀ဒေးရက်ကွက်အုပ်ချုပ်ရေးမှူး ၊ တရားရုံး ၀န်ထမ်းများ ၊ရဲတပ်ဖွဲ့ဝင်များက နေအိမ်ဖယ်ရှားခြင်းအတွက် လုံခြုံရေးရယူပေးရပြီး တရားရုံးမှ ငှားရမ်းထားသူများက နေအိမ်ဖယ်ရှားမှုများ ပြုလုပ်ခဲ့သည်ဟု တရားရုံးဝန်ထမ်းကပြောသည်။
တောင်သူဦးကျော်ရင်သည် တရားရုံးသို့ တိုင်တန်းမှုမပြုမီ ငွေတစ်သိန်းစီ နစ်နာကြေး၍ ဖယ်ရှားပေးရန် ညှိနှိုင်းခဲ့သော်လည်း စက်ရုံသမားများက ငွေ(၃)သိန်းနစ်နာကြေးပေးရန် တောင်းဆိုခဲ့သည်ဟု န၀ဒေးရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောသည်။
နေအိမ်များဖယ်ရှားမည့်နေ့တွင် ရေခဲစက်ရုံလုပ်ငန်းရှင်ကို ညှိနှိုင်းရန် ခေါ်ယူခဲ့သော်လည်း လာရောက်ခြင်းမရှိကြောင်းနှင့် နေအိမ်ဖယ်ရှားခံရသူများသည် ပိုင်ဆိုင်သည့် ပစ္စည်း တစ်စုံတစ်ခုမှ ယူဆောင်သွားခြင်းမရှိဘဲ ထွက်သွားခဲ့သည်ဟု န၀ဒေးရပ်ကွက် အုပ်ချုပ်ရေးမှူးကပြောသည်။
No comments:
Post a Comment