Sunday, April 6, 2014

ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များ ၀ိုင်းဝန်းရိုက်နှက်ခံရ

ဇော်ဇော်ထွေး

အရက်မူးလဲနေသည့် လူတစ်ဦးကို သွားရောက်ကြည့်ရှုစစ်ဆေးသည့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ အား လူတစ်စုက ၀ိုင်းဝန်းရိုက်နှက်မှုတစ်ခု ဧပြီ ၂ရက် ညဦးပိုင်းက လှိုင်သာယာမြို့နယ်တွင် ဖြစ်ပွားခဲ့ရာ မြို့နယ်ရဲစခန်းက ဧပြီ ၃ ရက် နံနက်က အမှုဖွင့် စစ်ဆေးနေသည်။

ဧပြီ ၂ ရက် ည ၉ နာရီဝန်းကျင်က လှိုင်သာယာမြို့နယ် (၅)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ရှိနေသည့် ချမ်းငြိမ်းကို (၂၅)နှစ် (ဆယ်အိမ်မှူး)နှင့် ဦးဝင်းကိုကိုတို့သည် “ရွှေနဒီ”အရက်ဆိုင်ရှေ့တွင် လူတစ်ဦး မူး လဲနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့သည်ဟုဆိုသည်။

လူတစ်ဦး အရက်မူးလဲနေသည်ကို တွေ့ရှိသဖြင့် အုပ်ချုပ်ရေးမှူးရုံးတွင် တာဝန်မှူးကျနေသည့် ဦးစန်းလွင်ထံ ဖုန်းဆက် အကြောင်းကြားနေစဉ် မူးလဲနေသူ၏ သူငယ်ချင်း လေးဦးရောက်ရှိလာပြီး“မင်းတို့ ဘယ်သူ့ကို ဖုန်းဆက်နေတာလဲ”ဟု ပြောဆိုကာ ၀ိုင်းဝန်းထိုးကြိတ်ခြင်း၊ ဓားနှင့်ထိုးခြင်းများ ပြုလုပ်သည်ဟု တရားလို ဘက်က ရဲထံတွင် တိုင်တန်းထားသည်။

ယင်းကြောင့် ချမ်းငြိမ်းကိုတွင် ယာပါးဖူးရောင်ဒဏ်ရာ၊ ယာလက်ပြတ်ရှဒဏ်ရာ ရရှိပြီး ဦးဝင်းကိုကို (၄၈) နှစ်တွင်လည်း ဦးခေါင်းထိပ်ပေါက်ပြဲဒဏ်ရာ၊ ယာကျောကုန်း ထိုးသွင်းဒဏ်ရာ ရရှိကာ လှိုင်သာယာနှင့် အင်းစိန်ဆေးရုံတို့တွင် လူနာများ (မစိုးရိမ်ရ)အဖြစ် တင်ပို့ကုသခဲ့ရသည်ဟု ဆိုသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ကျော်ဇင်အောင် (ခ)မှဲ့လေး (၂၄)နှစ်ပါ လေးဦးကို စုံစမ်းအရေးယူပေးရန် ချမ်းငြိမ်း ကိုက တရားလိုပြုလုပ်တိုင်တန်းခဲ့သည်။

ယင်းတိုင်တန်းမှုကို လှိုင်သာယာ ရဲစခန်းက (ပ)၄၃၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၂၆ /၁၁၄တို့ဖြင့် အရေးယူရန် ကျော်ဇင်အောင်(ခ) မှဲ့လေးအား ဖမ်းဆီးစစ်ဆေးနေပြီး ကျန်တိုင်တန်းခံထားရသူများကိုလည်း ဖမ်းဆီးရမိရေး ဆောင်ရွက်နေသည်ဟု ဆိုသည်။

No comments: