Wednesday, April 23, 2014

သင်္ကြန်ရက် လူငယ်များရိုက်နှက်ခံရမှု လှိုင်သာယာ ရဲစခန်းက ချက်ချင်းအမှုဖွင့် မပေးခဲ့ဟုဆို

ဇော်ဇော်ထွေး

၂၀၁၄ ခုနှစ် သင်္ကြန်အကြိုညက ဖြစ်ပွားခဲ့သည့် လူငယ်များ ရိုက်နှက်ခံရမှုတစ်ခုတွင် ညတွင်းချင်း သွား ရောက် အမှုဖွင့်တိုင်တန်းခဲ့သော်လည်း လှိုင်သာယာမြို့နယ် ရဲစခန်းက ချက်ချင်းအမှုဖွင့် ဆောင်ရွက်ပေး မှု မရှိခဲ့ဟု သွားရောက် တိုင်းတန်းခဲ့သည့် ကိုလှဌေးက ဧပြီ၁၉တွင် မဇ္ဈိမသို့ ပြောသည်။

အဆိုပါ အမှုမှာ ဧပြီ ၁၃ သင်္ကြန်အကြိုနေ့ ည ၁၁ နာရီကျော်အချိန်က လှိုင်သာယာမြို့နယ်၊ အမှတ် (၃) ရပ်ကွက် အောင်ပရဟိတ ဘုန်းတော်ကြီးကျောင်းအနီးရှိ တံတားတွင် ရိုက်နှက်ခံရမှု ဖြစ်ပွားခဲ့ခြင်း ဖြစ် သည်ဟု ဆိုသည်။

“ပထမ ကျွန်တော့်ညီ သူငယ်ချင်းတွေက သွားတိုင်တော့ မင်းတို့က ကလေးတွေ အမှုဖွင့်ပေးလို့ မရဘူး လို့ ပြောလိုက်တယ်။ နောက်ဆေးရုံက ဆင်းလာတဲ့ ကျွန်တော့်ညီကိုခေါ်ပြီး ရပ်ကွက် လူကြီးရယ် ကျွန်တော့်အဖေရယ် သွားဖွင့်တော့ အမှုဖွင့်ချင်ရင် မနက်ဖြန် ၉ နာရီမှ ပြန်လာခဲ့လို့ ပြောလိုက်တယ်။ ရဲစခန်း က ၂၄ နာရီ အလုပ်လုပ်ရတာ မဟုတ်လား” ဟု ကိုလှဌေးက ဆိုသည်။

အဆိုပါ ရိုက်နှက်မှုမှာ ချောင်းတံတားတွင် ထိုင်နေသည့် လူငယ်သူငယ်ချင်းများထဲမှ နောင်နောင် ဆိုသူ သူ၏ အစ်ကိုဖြစ်သူက ညီဖြစ်သူအား ရိုက်နှက်ဆုံးမစဉ် အခြား သူငယ်ချင်းဖြစ်သူများကိုပါ ရိုက်နှက်ခဲ့ ခြင်းဖြစ်သည်ဟု တရားလိုဘက်က ဆိုထားသည်။

ထို့ကြောင့် ညီဖြစ်သူမှာလည်း ရိုက်နှက်ခံရမှုကြောင့် သတိမေ့သွားခဲ့သဖြင့် ဆေးရုံသို့ တင်ပို့ခဲ့ရကာ ဥပ ဒေကြောင်းအရ အရေးယူပေးရန် ယင်းနေ့ညတွင်းချင်းပင် မြို့နယ်ရဲစခန်းသို့ သွားရောက် တိုင်တန်းခဲ့ခြင်း ဖြစ်သည်ဟု ကိုလှဌေးက ဆိုသည်။

“ ဒီကိစ္စမှာ နားလည်မှု လွဲသွားတာပါ။ ကျွန်တော်တို့က ဒဏ်ရာရထားတဲ့သူကို အမှုရေးသွင်းရင် အကြာ ကြီး မသက်မသာနဲ့ ထိုင်စောင့်နေရမှာစိုးလို့ မနက်ဖြန်မှ လာဖွင့်လည်း ရပါတယ်ဆိုပြီး ပြောလိုက်တာပါ။ မဖွင့်ပေးတာ မဟုတ်ပါဘူး” ဟု အခင်းဖြစ်ညက တာဝန်မှူးဆောင်ရွက်ခဲ့သည့် မြို့နယ်ရဲစခန်းမှ ဒု-ရဲအုပ် မျိုးစည်သူက မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည် ရှင်းလင်းသည်။

ထို့ပြင် အခင်းဖြစ်ည ရိုက်နှက်ခံခဲ့သည့် လူငယ်များက အခင်းဖြစ်နေရာတွင် စက်ဘီးတစ်စီး ကျန်ခဲ့ကြောင်း သာ အကြောင်းကြားခဲ့သည့်အတွက် နယ်ထိန်းရဲအား အခင်းဖြစ်နေရာသို့ ချက်ချင်းစေလွှတ်ပေးပြီး စက် ဘီးအား လိုက်လံယူဆောင်ပေးရန် တာဝန်ပေးခဲ့သည်ဟု အထက်ပါ ရဲအရာရှိက ပြောသည်။

“ရဲစခန်းမှာ အမှုလာတိုင်ခဲ့ပြီဆိုရင် ချက်ချင်းပဲ အမှုရေးဖွင့်ပြီး ဆောင်ရွက်ပေးရတာပါ။ ၂၄ နာရီလုံးတာဝန် ရှိပါတယ်” ဟု ရှေ့နေတစ်ဦးက ရဲလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ထောက်ပြပြောခဲ့သည်။

ထို့ပြင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၅၄ တွင်လည်း ရဲအရေးယူပိုင်ခွင့်ရှိသည့် ပြစ်မှုတစ်ရပ် ကျူးလွန် ခြင်းနှင့် စပ်လျဉ်း၍ သတင်းပေးချက်တိုင်းကို ပြည်သူ့ ရဲတပ်ဖွဲ့ စခန်းမှူးတစ်ဦးထံ နှုတ်ဖြင့် သတင်းပေးတိုင် ကြားလျှင် ထိုအရာရှိကိုယ်တိုင်ဖြစ်စေ၊ ၎င်း၏ ညွှန်ကြားချက်အရဖြစ်စေ စာဖြင့် ရေးမှတ်ရမည့်အပြင် ယင်း တိုင်တန်းချက်အား သတင်းပေးသူကို ပြန်လည်ဖတ်ပြရမည်ဟု ပြဋ္ဌာန်းထားသည်။

No comments: