Tuesday, April 1, 2014

စစ်တွေကနိုင်ငံတကာဝန်ထမ်းတွေကို ကာကွယ် ပေးဖို့ ကုလတိုက်တွန်း

ABC

မြန်မာနိုင်ငံအနောက်ပိုင်း ​ရခိုင်ပြည်နယ် ​စစ်တွေမြို့မှာဖြစ်ခဲ့တဲ့ ​ပဋိပက္ခတွေကြောင့် ​ကုလမဂ္ဂအဖွဲ့အစည်းနဲ့ ​နိုင်ငံတကာအကူအညီပေးရေးလုပ်ငန်းက ​၀န်ထမ်းတွေကို ​အကာအကွယ်ဖို့နဲ့ ​ရခိုင်ပြည်နယ် ​သန်းခေါင်စာရင်းကောက်ခံနေတဲ့ကာလအတွင်း ​ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင် ​လုပ်ဆောင်ဖို့ ​ကုလသမဂ္ဂ ​အထွေထွေအတွင်းရေးမှူးချုပ် ​ဘန်ကီမွန်းက ​မြန်မာအစိုးရကို ​တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် ​ရခိုင် ​ပြည်နယ် ​အတွင်းမှာ ​ကောက်ခံနေတဲ့ ​သန်းခေါင် ​စာရင်းနဲ့ ​ပတ်သက်ပြီး ​စစ်မှန်တဲ့ ​စာရင်းတွေ ​ဖြစ်အောင် ​ကောက်ခံသွားဖို့ ​ကိုလည်း ​ကုလသမဂ္ဂ ​အထွေထွေ ​အတွင်းရေးမှူးချုပ်က ​မြန်မာ ​အစိုးရကို ​ဖုန်းနဲ့ ​ဆက်သွယ် ​ပြောကြားခဲ့ကြောင်း ​ကုလသမဂ္ဂ ​ပြောခွင့်ရပုဂ္ဂိုလ် ​Stephane ​Dujarric ​က ​ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ​နှစ်ပေါင်း ​သုံးဆယ် ​အတွင်း ​ပထမအကြိမ် ​စတင်ကောက်ခံနေတဲ့ ​သန်းခေါင် ​စာရင်း ​ကိစ္စနဲ့ ​ဆက်နွယ်ပြီးတော့ ​ပြီးခဲ့တဲ့ ​တပတ် ​ကြာသပတေးနေ့က ​စစ်တွေမြို့မှာရှိတဲ့ ​နိုင်ငံတကာ ​လူမှု ​ထောက်ပံ့ ​ကူညီပေးရေး ​အဖွဲ့တွေရဲ့ ​ရုံးတွေနဲ့ ​၀န်ထမ်းတွေရဲ့ ​ငှားနေတဲ့နေအိမ်တွေ ​တိုက်ခိုက် ​ခံခဲ့ရတဲ့ ​ကိစ္စအပေါ် ​ကုလမသဂ္ဂ ​အထွေထွေ ​အတွင်းရေးမှူးချုပ်က ​အခုလို ​တုန့်ပြန် ​ပြောကြားခဲ့ ​တာဖြစ်ပါတယ်။

သန်းခေါင် ​စာရင်းထဲမှာ ​ရိုဟင်ဂျာ ​ဆိုတဲ့နာမည် ​ထည့်သွင်းမှာကို ​ကန့်ကွက်တဲ့ ​အနေနဲ့ ​ရခိုင် ​တိုင်းရင်းသားတွေက ​သူတို့ရဲ့ ​အိမ်တိုင်းမှာ ​သာသနာ့ ​အလံတွေ ​စိုက်ထူခဲ့ကြ ​တာဖြစ်ပြီးတော့ ​အဲဒီစိုက်ထူခဲ့တဲ့ ​အလံတခုကို ​နိုင်ငံခြားသူ ​အမျိုးသမီးတဦးက ​ဖြုတ်ချခဲ့တဲ့အတွက် ​အကြမ်းဖက် ​တိုက်ခိုက်မှုတွေ ​ဖြစ်ပွားခဲ့ပြီး ​အခြေအနေတွေ ​တင်းမာနေတာဖြစ်ပါတယ်။

ဖြစ်ပွားခဲ့တဲ့ ​အကြမ်းဖက်မှုအပေါ် ​အစိုးရရဲ့ ​ကိုင်တွယ်မှုကို ​ကုလသမဂ္ဂက ​ကြိုဆိုကြောင်းနဲ့ ​လက်ရှိမြန်မာနိုင်ငံရဲ့ ​အသွင်ကူး ​ပြောင်းရေး ​ကာလအတွင်း ​ပြည်သူလူထုတွေ ​အားလုံးလုံခြုံရေးနဲ့ ​တရားဥပဒေကို ​လေးစား ​လိုက်နာကြဖို့ကိုလည်း ​ကုလသမဂ္ဂ ​အထွေထွေ ​အတွင်းရေးမှူးချုပ်က ​တိုက်တွန်းထားပါတယ်။

No comments: