ABC
ဧပြီလကုန်ပိုင်းကျရင် သဘာဝဓါတ်ငွေ့နဲ့ စွန့်ပစ်အပူသုံးဓါတ်အားပေးစက်ရုံစီမံကိန်းကနေ ထွက်လာတဲ့ လျှပ်စစ် ဓါတ်အား ၄၃.၅ မဂ္ဂါဝပ်ကို မွန်ပြည်နယ် မော်လမြိုင်မြို့ကို စတင် ထုတ်လွတ် ပေးတော့မယ်လို့ သိရပါတယ်။
ဒါ့အပြင် တာဝါတိုင်တည်ဆောက်မှုနဲ့ ၀ါယာကြိုးသွယ်တန်းမှုတွေကိုလည်း ဧပြီလကုန်မှာ ပြီးစီးနိုင်ဖို့ လုပ်ကိုင်နေတယ် လို့လည်း လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပေးတဲ့ ကုမ္ပဏီဖြစ်တဲ့ Myanmar Lighting (IPP) က ဒါရိုက်တာ ဦးဌေးမင်းက ပြောပါတယ်။
အဆိုပါ ကုမ္ပဏီက ဒါရိုက်တာ ရဲ့ အဆိုအရ သူတို့ရဲ့ စက်ရုံကို လည်ပတ်နိုင်ဖို့အတွက် လျှပ်စစ်ဝန်ကြီးဌာနက ဂက်စ်ချမယ့်အကြောင်း၊ သူတို့ရဲ့ စက်ရုံကနေထွက်လာတဲ့ ဓါတ်အားတွေကို တခါ လျှပ်စစ်ဝန်ကြီးဌာနကို ပေးမှာဖြစ်ကြောင်း ဒါပေမယ့် ၂၄ နာရီ မီး ရ မရကိုတော့ သူတို့အနေနဲ့ ပြောရခက်တယ်ဆိုပါတယ်။
အကြောင်းအရင်းကတော့ သူတို့ကုမ္ပဏီက လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပေးတဲ့အပိုင်းသာဖြစ်ပြီး ဖြန့်ဖြူးတာကတော့ မဟာဓါတ်အားလိုင်းအပိုင်းနဲ့ ဆိုင်တာဖြစ်တယ်လို့ ဦးဌေးမင်းက ပြောပါတယ်။
နိုဝင်ဘာလမှာလည်း အဲဒီစီမံကိန်းကနေ လျှပ်စစ်ဓါတ်အား (၅၄.၅) မဂ္ဂါဝပ်ကို မဟာဓါတ်အားလိုင်းနဲ့ ချိတ်ဆက်ပြီး ထုတ်လွတ်ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလျှပ်စစ်မီး စီမံကိန်းကို ၂၀၁၃ ခုနှစ်ကတည်းက စတင်အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနဲ့ Myanmar Lighting (IPP) ကုမ္ပဏီတို့က ပူးပေါင်းလုပ်ဆောင်နေတာ ဖြစ်ကြောင်း မြစ်မခ သတင်းအရ သိရပါတယ်။

No comments:
Post a Comment