Saturday, April 5, 2014

လိုင်စင်မဲ့ယာဉ်အသုံးပြုမှုဖြင့် လူမှုရေးအဖွဲ့အစည်းမှ ဥက္ကဋ္ဌ အပါအ၀င်အဖွဲ့ဝင်များကို ဖမ်းဆီးထား

ရေခဲ(ပြည်)

လိုင်စင်မဲ့လူနာတင်ယာဉ်၊ နာရေးယာဉ်များ အသုံးပြုသည်ဟုဆိုကာ အဖမ်းခံထားရသော ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ က၀ိကျေးရွာ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များကို လွှတ်ပေးရန် နိုင်ငံတော် သမ္မတထံ ဧပြီလ ၁ ရက်က အသနားခံစာ တင်ပြထားသည်ဟု အဆိုပါကိစ္စအား ကူညီဆောင်ရွက်နေသူ ပြည်မြို့ မိုးမေတ္တာနာရေးကူညီမှုအသင်းအတွင်းရေးမှူး ဦးညီညီအောင်က ပြောသည်။

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် ရဲစခန်းသည် က၀ိကျေးရွာ လူမှုကူညီရေးအသင်းတွင် အသုံးပြုနေသည့် လူနာတင်ယာဉ်နှင့် နာရေးယာဉ်များကို လိုင်စင်မဲ့ကားများအဖြစ် မတ်လ ၂၆ ရက်က သိမ်းဆည်းခဲ့ပြီး အဆိုပါလူမှုအဖွဲ့မှ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌအပါအ၀င် အဖွဲ့ဝင် ခုနစ်ဦးကိုပါ ဖမ်းဆီးအမှုဖွင့်ထားသည်။

ဖမ်းဆီးခံရသည့်လူမှုအဖွဲ့ဝင်များအား ပြန်လွှတ်ပေးရေးအတွက် က၀ိကျေးရွာ အပါအ၀င် အနီးအနားကျေး ရွာငါးခုမှ လူဦးရေ ၅၀၀ ကျော်က လက်မှတ်ရေးထိုးကာ နိုင်ငံတော်သမ္မတနှင့် ဌာနဆိုင်ရာအသီးသီး သို့ အသနားခံစာ တင်ပြထားကြောင်းလည်း ဦးညီညီအောင်က ပြောသည်။

“ဒီကားတွေ အကူအညီယူနေရတဲ့ အနီးအနား ကျေးရွာတွေက လက်မှတ်ငါးရာကျော်ထိုးပြီး သမ္မတနဲ့တိုင်း ၀န်ကြီးချုပ်ဆီကို ပို့လိုက်တယ်။ တရားဆွဲဆိုခြင်းမပြုဘဲ တရားသေလွှတ်ပေးဖို့ ကျွန်တော်တို့တောင်းထား တာပေါ့”ဟုဆိုသည်။

နှစ်စီးပေါင်း ကာလတန်ဖိုး ကျပ်သိန်း ခြောက်ဆယ်ခန့်ရှိသည့် အဆိုပါကားများကို လွန်ခဲ့သော နှစ်နှစ်ခန့် ကကျေးရွာလူထု စုပေါင်းငွေများဖြင့် ၀ယ်ယူခဲ့ပြီး ကျေးရွာနေ ပြည်သူများ၏ နာရေးနှင့် ကျန်းမာရေးများ တွင် အခမဲ့ဝန်ဆောင်မှုများပေးလျက်ရှိသည်ဟု ဆိုသည်။

“အသင်းအဖွဲ့တွေက လိုင်စင်ကားကို သိပ်ကိုင်ချင်တာပေါ့။ ရန်ပုံငွေအနေအထား ပေါ်မူတည်ပြီး ဈေးနှုန်းသက်သာတဲ့ကားတွေ ၀ယ်ကိုင်နေရတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ အသင်းအဖွဲ့ထောင်နဲ့သောင်းနဲ့ချီပြီး ရှိတယ်။ ဥပဒေအရ အရေးယူမယ်ဆိုရင် က၀ိကျေးရွာ လူမှုရေးအသင်း အဖွဲ့တင်မဟုတ်ဘူး။ နိုင်ငံတော် အတွက်လည်း နစ်နာမယ်။ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ထောင်နဲ့သောင်းနဲ့ချီတဲ့ လူမှုအဖွဲ့တွေဆီက ကား တွေကို ဖမ်းပြီးမီးရှို့ပစ်မယ်ဆိုရင် အစိုးရအနေနဲ့ လူမှုရေးလုပ်ငန်းတွေလုပ်ပေးနိုင်မှာ မဟုတ်ဘူး”ဟု ဦးညီညီအောင်က ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီးမန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းမှ လူမှုအဖွဲ့အစည်းဝင် တစ်ရာကျော်က ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များကို သွားရောက်အားပေးမည်ဟု ဆိုသည်။

No comments: