Mizzima
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နာယကတစ်ဦးဖြစ်သူ ဟံသာဝတီဦးဝင်းတင်ကို ဧပြီလ ၁၈ရက် ညက ကျောက်ကပ်ဆေးကျော ကုသရာ နှစ်နာရီအတွင်း ပထမအဆင့် အောင်မြင်စွာ ပြီးစီးခဲ့ပြီဟု သူ၏ မိသားစုဆရာဝန် ဒေါက်တာ မြင့်သိန်းက ပြောသည်။
ကျောက်ကပ်ဆေးကျောမှုကို ညနေ ၇နာရီခန့်မှ စတင်ခဲ့ပြီး ၉နာရီခန့်တွင် ပြီးစီးခဲ့သည်။ ယင်းသို့ ကုသရာတွင် လည်ပင်းမှ ပိုက်သွင်းရာတွင်လည်း အဆင်ပြေခဲ့ပြီး စက်ဖြင့် ဆေးကျောရာမှာလည်း ထင်ထားသည်ထက် ပိုမို အဆင်ပြေသည်ဟု ဒေါက်တာမြင့်သိန်းက ပြောသည်။
ဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေသည် ကျောက်ကပ်မဆေးကျောမီက စိုးရိမ်ဖွယ် ရှိခဲ့သော်လည်း ကျောက်ကပ်ဆေးကျောပြီး နောက်တွင် မျက်နှာ ရောင်ရမ်းမှုများ ကျသွားပြီး အသက်ရှုမှုလည်း ပုံမှန် အနေအထား ဖြစ်သွားခဲ့ပြီဟု ဒေါက်တာမြင့်သိန်းက ဆိုသည်။
ဧပြီလ ၁၉ရက် နေ့လည် ၁နာရီခန့်တွင်လည်း စောင့်ကြည့် စစ်ဆေးမှုများ ပြုလုပ်ကာ လိုအပ်ပါက ကျောက်ကပ်ဆေးကျောမှု ထပ်မံပြုလုပ်မည်ဟု သိရသည်။
ဟံသာဝတီ ဦးဝင်းတင်ကို ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသနေရပြီး ဧပြီလ ၁၈ရက် ညနေက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒုတိယအကြိမ် လာရောက်ကြည့်ရှုပေးခဲ့ပြီး၊ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးတို့လည်း လာရောက်ကြည့်ရှုခဲ့သည်။
No comments:
Post a Comment