ရေခဲ(ပြည်)
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ တောင်ညိုမြို့သစ်တွင် ဘာသာမတူသည့် လူငယ်ချင်း ချစ်ကြိုက်သည်ကို ဒေသခံများက မကျေနပ်ရာမှ ဧပြီလ ၁၅ရက်၊ ၁၆ရက်နှင့် ၁၇ရက်တို့တွင် နေအိမ်များ ဖျက်ဆီးခဲ့ရာ နေအိမ်လေးလုံး ပျက်ဆီးခဲ့ရသည်ဟု နတ်တလင်းမြို့ တည်ငြိမ်အေးချမ်းရေး ပူးပေါင်းကော်မတီမှ အဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။
“လူစုလူဝေးသုံးရာ လောက်ပါတယ်။ ဒေသခံတွေပဲ။ ဖျက်ဆီးတဲ့လူတွေက အပြင်လူမ၀င်ရဆိုပြီး ဖျက်မယ့်အိမ်ကို ကြိုးတားပြီး ဖျက်စီးသွားတယ်။ လူစိမ်းအ၀င်မခံဘူး။ သတင်းယူမှာဆိုးလို့” ဟု နတ်တလင်းမြို့ တည်ငြိမ်အေးချမ်းရေး ပူးပေါင်းကော်မတီ အဖွဲ့ဝင်က ပြောသည်။
ဖြစ်ပွားပုံမှာ နတ်တလင်းမြို့ပေါ်နေ ဘာသာခြား လူငယ်ကို တောင်ညိုမြို့သစ်မှ ၎င်းနှင့် ချစ်ကြိုက်နေသည့် အမျိုးသမီးငယ်က ဖုန်းဆက်ချိန်းဆိုမှုကြောင့် ဧပြီလ ၁၅ရက် ည၁၁နာရီတွင် နတ်တလင်းမှ တောင်ညိုသို့ သွားရောက်ခဲ့သည်။ ထိုသို့ သွားရောက်ခဲ့သည်ကို တောင်ညိုမြို့မှ ဒေသခံရွာသားများက လူငယ်အား ထုတ်ပေးရန် တောင်းဆိုခဲ့ရာ ထုတ်မပေးသဖြင့် အမျိုးသမီး၏ နေအိမ်ကို ခဲများဖြင့် ပစ်ပေါက်ခဲ့ပြီး လူငယ်၏ ဆိုင်ကယ်ကိုလည်း ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်ဟု တည်ငြိမ်အေးချမ်းရေး ပူးပေါင်းကော်မတီ အဖွဲ့ဝင်က ဖြစ်စဉ်ကို ရှင်းပြခဲ့သည်။
ထို့အပြင် မိန်းကလေးနေအိမ်ရှိ ရုပ်မြင်သံကြားစက်၊ နေအိမ်မျက်နှာစာနှင့် နေအိမ်နောက်ဘက်ရှိ ဝက်ခြံများကိုပါ ဖျက်ဆီးခဲ့သဖြင့် ဧပြီလ ၁၆ရက် နံနက်တွင် နတ်တလင်းမြို့ပေါ်ရှိ အမျိုးဘာသာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်နှင့် ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့က ခေါ်ယူညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်ဟု အမျိုးဘာသာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဥူးနန္ဒမာလက မိန့်သည်။
“ဒီအပေါ်မှာတော့ ဥူးဇင်းတို့က အတတ်နိုင်ဆုံးမဖြစ်အောင် တားတယ်။သံင်္ဃအဖွဲ့အစည်း အားလုံးကလည်း မဖြစ်အောင် ရည်ရွယ်တယ်။ လုပ်လည်းလုပ်တယ်။ ဆောင်လည်း ဆောင်ရွက်တယ်” ဟုဆရာတော်ကမိန့်သည်။
သို့သော် ဧပြီလ ၁၆ရက် ည ၈နာရီမှ နံနက် ၃နာရီအထိ ဒေသခံ ၃၀၀ကျော်က နတ်တလင်းမြို့ပေါ်နေ လူငယ်နှင့် ရင်းနှီးသော နေအိမ်သုံးလုံး (အောင်ဇေယျကျေးရွာမှ ကိုမြင့်ငွေနှင့် ကိုအောင်ဝင်းတို့၏ နေအိမ်နှစ်လုံးနှင့် ကံစုကျေးရွာမှ သံချောင်းအရက်ဆိုင်) ကို ဖျက်ဆီးမှုများ ထပ်မံ ပြုလုပ်ခဲ့သည်ဟု နတ်တလင်းမြို့ တည်ငြိမ်အေးချမ်းရေး ပူးပေါင်းကော်မတီဝင်က ပြောသည်။
ယင်းသို့ ဖျက်ဆီးခဲ့ခြင်းကြောင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်သော ရဲတပ်ဖွဲ့ဝင် ၅၀ခန့် လာရောက်ခဲ့သော်လည်း တစ်စုံတရာ တားမြစ်ခြင်း မပြုလုပ်ခဲ့ဟု တည်ငြိမ်အေးချမ်းရေး ပူးပေါင်းကော်မတီဝင်က ပြောသည်။ ၎င်းကဆက်လက်၍ နေအိမ်များကို ဖျက်ဆီးသူများသည် တောင်ညိုမြို့သစ် ကံစုကျေးရွာသားများ၊ ဓားမငယ်ကျေးရွာသားများနှင့် ဆီစုန်ကုန်း ကျေးရွာသားများဖြစ်သည်ဟု ခန့်မှန်းပြောဆိုသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ဧပြီလ ၁၇ရက် နေ့လည် ၁နာရီက ပဲခူးတိုင်း နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်းနှင့် ဒေသအာဏာပိုင်များ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ဆွေးနွေးမှုနှင့် ပတ်သက်၍ မဇ္ဈိမက ဒေသအာဏာပိုင်များကို မေးမြန်းရန် ကြိုးစားသော်လည်း မေးမြန်းခွင့် မရရှိသေးပေ။
No comments:
Post a Comment