Wednesday, April 2, 2014

မူးယစ်ဆေးသုံးစွဲသည်ဟု ယူဆရသူ လူငယ် လေးဦး ဆေးခြောက်၊ စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းမိ

ဇော်ဇော်ထွေး

မူးယစ်ဆေးဝါးသုံးစွဲသည်ဟု ယူဆရသူ လေးဦးကို တောင်ဥက္ကလာပမြို့နယ်ရှိ နေအိမ်တစ်ခုတွင် ဆေးခြောက်နှင့် စိတ်ကြွဆေးပြားများနှင့်အတူ မတ်လ ၂၉ ရက် ညက ဖမ်းဆီးလိုက်သည်။

မြို့နယ်ရဲစခန်းမှ ဒု-ရဲအုပ်မျိုးအောင် ဦးဆောင်သည့်အဖွဲ့သည် မူးယစ်ဆေးဝါး သတင်းအရ ည ၉ နာရီခွဲ အချိန်က (၄)ရပ်ကွက်၊ သီတာလမ်းရှိ နေအိမ်တစ်လုံးတွင် ရှာဖွေဝရမ်းဖြင့် ၀င်ရောက်ရှာဖွေခဲ့ခြင်း ဖြစ် သည်။

ထိုသို့ ရှာဖွေရာနေအိမ်တွင်နေထိုင်သူ ဟိန်းဇော်နိုင်မှာ ထွက်ပြေးလွတ်မြောက်သွားပြီး နေအိမ်အတွင်း ရောက်ရှိနေသူ လွမ်းကိုကိုအောင် (၂၀)နှစ်၊ ကျော်ကျော် (၂၃)နှစ်၊ ကျော်လင်းမျိုး (ခ)ဖိုးလုံး (၂၅)နှစ်နှင့် ၀င်းဇော်လတ် (၂၅)နှစ်တို့ကို မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

၎င်းတို့ထံမှ ကတော့ပုံစံပြုလုပ်ထားသည့် ၁၀၀ တန် ငွေစက္ကူ တစ်ရွက်၊ ခြင်္သေ့သုံးကောင်ပါ သောက် လက်စဆေးပေါ့လိပ် အတိုတစ်ခု၊ အဖုံးချွတ်ထားသည့် ဂက်စ်မီးခြစ် တစ်ခုနှင့် အဖြူရောင် ပလတ်စတစ် ဘူးအတွင်း WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြားဟု ယူဆရသည့် ဆေးပြား ၁၆ပြားတို့ကို ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

ထို့ပြင် ကော်ခွက်အတွင်း ထည့်ထားသည့် ခဲပြားစက္ကူ အပိုင်းအစများ၊ Sprite တံဆိပ်အပြာရောင် အဖုံး တစ်ခု၊ အမေရိကန်ဒေါ်လာ ၁၈ ဒေါ်လာ၊ သတင်းစာ စက္ကူဖြင့်ထုပ်လျက် ဆေးခြောက်ဟု ယူဆရသည့် အရွက်ခြောက် (၆) ဂရမ်၊ သံဘူးအတွင်း အနက်ရောင် ကြွတ်ကြွတ်အိတ်ဖြင့် ထုပ်ထားသည့် ဆေးခြောက် အဖြစ် ယူဆရသည့် အရွက်ခြောက် ၅၁ ဒသမ ၈၈ ဂရမ်တို့ကို အခြားသော သက်သေခံ ပစ္စည်းများနှင့် အတူ သိမ်းဆည်းခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများတွေ့ရှိမှုကြောင့် အထက်ပါ လေးဦးကို တောင်ဥက္ကလာပ ရဲစခန်းက မယ(ပ) ၆/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတက်သည့် ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ တို့ဖြင့် အရေးယူရန် ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး ထွက်ပြေးသွားသူများကို လည်း ဖမ်းဆီးရမိရေး ဆောင်ရွက်နေသည်။

No comments: