သိင်္ဂီထွန်း
မွန်ဂိုလီးယားနိုင်ငံတွင် တစ်ပတ်ကြာ ဒီမိုကရေစီရေးရာသင်တန်း သွားရောက်တက်ခဲ့သည့် ပုဂ္ဂလိက မီဒီယာအချို့က သတင်းသမားများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဧပြီလ ၂၁ ရက် ညနေ ၅ နာရီက တက္ကသိုလ်ရိပ်သာလမ်းရှိ သူမ၏ နေအိမ်တွင် တွေ့ဆုံကာ အတွေ့အကြုံများ မေးမြန်းခဲ့သည်။
တွေ့ဆုံရာ၌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှလူငယ်များ၊ မီဒီယာသမားများအနေဖြင့် အင်္ဂလိပ် ဘာသာစကားပြောဆို၊ လေ့လာသည့်အပိုင်းတွင် အားနည်းချက်များ ရှိသဖြင့် နိုင်ငံတကာမှ စာပေများ၊ သတင်းများကို လေ့လာမှု အားနည်းနေသေးပြီး ယင်းကဲ့သို့ အားနည်းခြင်းသည် ပညာရေးစနစ်၏ လိုအပ် ချက်ကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ယင်းအပြင် မီဒီယာသမားများနှင့် ပတ်သက်၍ အရည်အသွေးပိုင်း ကောင်းမွန်စေရန် လိုအပ်ချက်များ ရှိနေသေးပြီး သမ္မတအပါအ၀င် အစိုးရပိုင်းကို မီဒီယာများမေးမြန်းရန် အခွင့်အရေးနည်းပါးခြင်း၊ ပွင့်လင်းမြင်သာ မှုမရှိခြင်းနှင့် မီဒီယာများ၏ နောက်ကွယ်တွင် အစိုးရပိုင်း၊ စစ်တပ်နှင့် ဆက်နွယ်သူများ၊ စီးပွားရေး လုပ်ငန်း ရှင် ကြီးများရှိနေသည့် နောက်ကွယ်က အကြောင်းအရာများကိုလည်း ဖော်ထုတ် ရေးသားသင့်သည်ဟု တိုက်တွန်း ပြောကြားသည်။
မွန်ဂိုလီးယားနိုင်ငံသို့ ပြည်တွင်းမှ မဇ်္ဈိမအပါအ၀င် Eleven၊ The Voice၊ 7 Day ပေါ်ပြူလာသတင်းဂျာနယ် စသော ပုဂ္ဂလိကသတင်းစာ၊ ဂျာနယ် ကိုးခုမှ သတင်းသမားများနှင့် ဒီလှိုင်းမှ သတင်းထောက်များ၊ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်၏ နယ်သတင်းပြန်ကြားရေးဌာနမှ ပုဂ္ဂိုလ်များ အယောက် ၂၀သည် မတ်လ ၃၀ ရက်မှ ဧပြီလ ၆ ရက်အထိ သွားရောက်ကာ မွန်ဂိုလီးယားနိုင်ငံ၏ ရွေးကောက်ပွဲ ဆိုင်ရာများကိုလည်း လေ့လာခဲ့သည်။
No comments:
Post a Comment