အေးမြင့်စန်း
ရန်ကုန် စည်ပင်သာယာနယ်နိမိတ်အတွင်း ခရီးသည်တင်ဟိုင်းလတ်ယာဉ်များ ပြေးဆွဲခွင့် ပိတ်လိုက်ခြင်း ကြောင့် ယာဉ်လုပ်သား ၃၀၀ ခန့်က မတ် ၃၁ ရက်တွင် ဆန္ဒဖော်ထုတ်မှုနှစ်ကြိမ် ပြုလုပ်ခဲ့သည်။
ဆန္ဒဖော်ထုတ်မှု ပြုလုပ်ရာတွင် နံနက် ၁၁ နာရီခွဲက ဆူးလေပန်းခြံအနီးတွင် တိုက်ကြီး ဟိုင်းလတ်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များနှင့် ယာဉ်ပိုင်ရှင်အချို့အပါအ၀င် အင်အား ၃၀၀ ခန့်က စီတန်းလှည့်လည်ကာ ဆန္ဒဖော်ထုတ်ခဲ့ပြီး မွန်းလွဲ၂ နာရီတွင် တောင်ဥက္ကလာပ မြို့နယ်၊ သံသုမာလမ်းရှိ မထသရုံးရှေ့တွင် ဆက်လက် ဆန္ဒဖော်ထုတ်ခြင်းဖြစ်သည်။ ဆန္ဒဖော်ထုတ်ရာတွင် ဟိုင်းလတ်ယာဉ် ၂၇ စီးဖြင့် တိုက်ကြီး မြို့နယ်မှ လာရောက် ဆန္ဒဖော်ထုတ်ကြခြင်းဖြစ်သည်။
တိုက်ကြီးမြို့နယ်၊ အောင်တံခွန် ဟိုင်းလတ်ယာဉ်လိုင်း ဒု-ဥက္ကဋ္ဌဦးကင်လင်းက “အချိန်မရွေး မည်သည့် ယာဉ်မဆို တိမ်းမှောက်နိုင်ပါတယ်။ ဟိုင်းလတ်ယာဉ်တွေဆီက အခွန်ကောက်သော်လည်း လမ်းတွေ မပြင်ပေးခဲ့ဘူး။ ခေတ်နဲ့အညီ မီနီဘတ်စ်တွေ ပြေးဆွဲဖို့ သတ်မှတ်တာက ကုမ္ပဏီတွေကောင်းကျိုး လုပ် နေတာပါ။ မီနီဘတ်စ်တွေ ပြောင်းလဲပြေးဆွဲရင်လဲ လမ်းတွေမပြင်ပေးရင် ယာဉ်တိုက်မှုတွေ ဆက်ဖြစ်ဦး မှာပါ။ ဟိုင်းလတ်ပိုင်ရှင်တွေက ဆင်းရဲနွမ်းပါးသူတွေဖြစ်လို့ ဈေးမြင့်တဲ့မီနီဘတ်စ် မ၀ယ်နိုင်ဘူး”ဟု ပြော သည်။
အဆိုပါဟိုင်းလတ်ယာဉ်များမှာ ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်း မတ်လ ၃၁ ရက်အထိ နောက်ဆုံးပြေး ဆွဲခွင့်ရမည်ဖြစ်ပြီး ဧပြီ ၁ ရက်မှစ၍ နယ်နိမိတ်အတွင်း ၀င်ရောက်ပြေးဆွဲသည့်ယာဉ်များကို တိုင်းအစိုးရ က အရေးယူမည်ဖြစ်သည်။
ဆန္ဒဖော်ထုတ်ရာတွင် “ခရီးသည်တင်ဟိုင်းလတ်ယာဉ်များကို နယ်မြေကန့်သတ်ခြင်းကို ပယ်ဖျက်ပေးရန် “ဥပဒေဘောင်အတွင်း လွတ်လပ်စွာ စီးပွားရှာခွင့်ပေးရန်”၊ “မထသ(ဗဟို)ကို ပယ်ဖျက်ပေးရန်” ဟူသော စာတန်းများ ကိုင်ဆောင်ကာ စီတန်းလှည့်လည်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန် စည်ပင်နယ်နိမိတ်အတွင်း ပြေးဆွဲခွင့်ပိတ်ထားသော်လည်း တိုက်ကြီးမြို့နယ်ရှိ ပုဂ္ဂလိကပိုင် အောင်တံခွန် ဟိုင်းလတ်ယာဉ်လိုင်းက ယာဉ် ၇၀ ခန့်က ပုံမှန်ခရီးစဉ်အတိုင်း ဆက်လက်ပြေးဆွဲသွား မည်ဖြစ်ပြီး နယ်မြေကန့်သတ်မှု ကြေညာချက်ကို ဆန္ဒဖော်ထုတ်သည့်နေ့မှစ၍ တစ်ပတ်အတွင်း ပယ် ဖျက်ပေးခြင်းမရှိပါက နေပြည်တော်၊ လွှတ်တော်ရုံးရှေ့တွင် ဆက်လက် ဆန္ဒဖော်ထုတ်သွားမည်ဖြစ် သည်ဟုလည်း ဦးကင်လင်းက ဆိုသည်။
တိုက်ကြီးမြို့နယ်တွင် မထသအောက်ရှိ ၁၃၂ ဟိုင်းလတ်ယာဉ်လိုင်း၊ ရွှေရန်ကုန်ယာဉ်လိုင်းနှင့် ပုဂ္ဂလိကပိုင် အောင်တံခွန် ဟိုင်းလတ်ယာဉ်လိုင်းဟူ၍ ယာဉ်လိုင်းသုံးလိုင်းရှိရာ ဟိုင်းလတ်ယာဉ်ပေါင်း ၁၅၀ ခန့် ပြေးဆွဲလျက်ရှိသည်။
မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးလှအောင်က “မတ်လ ၃၁ ရက် အထိပဲ ရန်ကုန်နယ်နိမိတ် အတွင်း ပြေးဆွဲခွင့်ကြေညာတာ အစိုးရအဖွဲ့ရဲ့ အစီအမံဖြစ်ပါတယ်။ ကြေညာချက်ကို ပယ်ဖျက်ပေးဖို့က အစိုးရအဖွဲ့ပဲ ဆက်လက် ဆောင်ရွက်မှာပါ၊ ကျွန်တော်တို့အပိုင်းက သတ်မှတ် နယ်မြေထက် ကျော်လွန်ပြေးဆွဲတာကို တင်ပြပေးဖို့သာ ဖြစ်ပါတယ်”ဟု ပြောသည်။
ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်း ပြေးဆွဲနေသော ဟိုင်းလတ်ယာဉ်များဖြစ်သည့် ပဲခူးတိုင်းယာဉ်လိုင်း များသည် ထောက်ကြန့်အထိ လည်းကောင်း ကျောက်တန်းမြို့ယာဉ်များသည် သံလျင်အထိလည်းကောင်း၊ တွံတေးယာဉ်များသည် လှိုင်သာယာ-ဒလအထိနှင့် တိုက်ကြီးယာဉ်များသည် မှော်ဘီ-ထောက်ကြန့်အထိ လည်းကောင်း ပြေးဆွဲခွင့်ရမည်ဖြစ်သည်။
နှစ်စဉ် ခရီးသည်တင်ယာဉ် မတော်တဆမှု အများစုမှာ ဟိုင်းလတ်ယာဉ်များကြောင့်ဟုဆိုကာ ဟိုင်းလတ်များအစား မီနီဘတ်စ်များဖြင့် ပြေးဆွဲရန် သတ်မှတ်ခဲ့ပြီး စည်ပင်နယ်နိမိတ်အတွင်း ပြေးဆွဲခွင့်ကို ဇန်န၀ါရီ လက စတင်တားမြစ်ကာ ယာဉ်ပိုင်ရှင်များ၊ ယာဉ်နောက်လိုက်များ တောင်းဆိုမှုကြောင့် ရက်ရွှေ့ပေးခဲ့ရာ မှ မတ်လနောက်ဆုံးရက်အထိ ပြေးဆွဲခွင့်ပြုခြင်းဖြစ်သည်။
No comments:
Post a Comment