Saturday, April 26, 2014

ဘင်္ဂါလီဟု ထွက်ဆိုသူများကို သန်းခေါင်စာရင်း ဆက်ကောက်ယူ

ကေဇူး

သန်းခေါင်စာရင်း ကောက်ယူစဉ်ကာလအတွင်း ရိုဟင်ဂျာဟုသာထည့်သွင်းခဲ့၍ စာရင်း မကောက်ခဲ့သော ရခိုင်ပြည်နယ်အတွင်း အိမ်ထောင်စုများအနက် အချို့သော အိမ်ထောင်စုများက ဘင်္ဂါလီဟု ထည့်သွင်း အကောက်ခံလျက်ရှိပြီး အရေအတွက် စုစုပေါင်းကို ဧပြီလကုန်တွင် စာရင်းထုတ်ပြန်မည်ဟု လူဝင်မှု ကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ဧပြီ ၂၄ ရက်တွင် မဇ္ဈိမကို ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များနှင့် ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည် စခန်းများရှိ အစ္စလာမ် ဘာသာဝင် အချို့က သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟုထွက်ဆိုခဲ့၍ စာရင်းမ ကောက်ခဲ့သော်လည်း ယင်းဒေသရှိ အဖြူရောင်ကတ် ကိုင်ဆောင်သူများက သန်းခေါင်စာရင်း ကောက် ယူမှုပြီးစီးသည့် ဧပြီ ၁၀ ရက် နောက်ပိုင်း ဘင်္ဂါလီဟု ထည့်သွင်းလာကြပြီး လက်ရှိအချိန်ထိ ဆက်လက် ကောက်ခံနေဆဲ ဖြစ်သည်။

ဦးမြင့်ကြိုင်က “အဖြူရောင်ကတ် ကိုင်ဆောင်သူက သူတို့ရဲ့လက်ရှိအခွင့်အရေးတွေ ဆုံးရှုံးမှာဖြစ်တဲ့ အတွက် ဘင်္ဂါလီလို့ အကောက်ခံတယ်။ အဖြူကတ် မရှိသူတွေက လူမျိုးအမည်မထည့်ဘဲ အကောက်ခံ တယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေ၊ ဘူးသီးတောင် နှင့် မောင်တောဒေသများတွင် လူမျိုး အမည်မထည့်သွင်းဘဲ သန်း ခေါင်စာရင်း ကောက်ခံမှုများရှိနေပြီး လက်ရှိတွင် သန်းခေါင်စာရင်းကောက်ယူရေးအတွက် နှစ်လ အချိန် ထပ်တိုးကောက်ခံနေခြင်း ဖြစ်သည်။

ဒုချရားတန်း စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် မောင်တောမြို့မှ အစ္စလာမ် ဘာသာဝင် ဦးလှသိန်းက “အစိုးရက ကျွန်တော်တို့ကို စဉ်းစားဖို့ နှစ်လအချိန် ပေးထားတယ်၊ ဒီအတွင်းမှာ လူမျိုးအမည် မထည့်ဘဲ သန်းခေါင်စာရင်းကောက်ခံဖို့ ကျွန်တော်တို့ဘက်က လူကြီးတွေ ညှိနှိုင်းနေကြတယ်” ဟု မဇ္ဈိမကို ပြောသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခဲ့သည့် ကာလအတွင်းတွင်လည်း ရိုဟင်ဂျာအမည်မထည့်ဘဲ ကောက်ခံသူများရှိခဲ့ပြီး သန်းခေါင်စာရင်းကာလပြီးနောက်ပိုင်းတွင် ပိုများလာသည်ဟုလည်း ဦးမြင့်ကြိုင်က ဆိုသည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီဦးရေ ခုနစ်သိန်းကျော်ထိ စာရင်းကောက်ယူရန် ကျန်ရှိနေသေးသည်ဟု သန်း ခေါင်စာရင်း ကောက်ယူမှုအပြီး ထုတ်ပြန်ထားသည်။

No comments: