Saturday, April 12, 2014

အပစ်ရပ်မူကြမ်းပါ အချက်တစ်ချို့ တပ်မတော်သဘောမတူညီသဖြင့် ကျန်ခဲ့မည်ကို စိုးရိမ်ဟုဆို

နန်းလွင်နှင်းပွင့်

တစ်နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု စာချုပ်မူကြမ်းပါ အချက်တစ်ချို့သည် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီဟုဆိုကာ တပ်မတော်ဘက်က သဘောမတူသည့်အတွက် နောက်ဆုံးမူကြမ်းတွင် တိုင်းရင်းသားများ ထည့်သွင်းထားသည့် အချက်အားလုံး မပါဝင်မည်ကို စိုးရိမ်သည်ဟု ကရင့်ရေးရာကော်မတီမှ ဦးစောကျော်စွာက ဧပြီလ ၁၀ရက်တွင် မဇ္ဈိမကိုပြောသည်။

“တပ်မတော်ဘက်က ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးရတော့ ၂၀၀၈ နဲ့သူတို့က ကိုင်ထားတယ်၊ ၂၀၀၈ နဲ့ပတ်သတ်ရင် တိုင်းရင်းသားတွေ အတွက်က အခက်အခဲရှိမယ်၊ ဒါကို စိုးရိမ်တယ်”ဟု ဦးစောကျော်စွာက ဆိုသည်။

ကရင့်ရေးရာကော်မတီအနေဖြင့် ငြိမ်းချမ်းရေး စောင့်ကြည့်ခြင်းနှင့် ပတ်သတ်၍ အပစ်အခတ်ရပ်စဲရေးတွင် တပ်မတော်ဘက်မှ တိုင်းရင်းသားတို့ လိုလားချက်များအား ညှိနှိုင်းမရမည်ကို စိုးရိမ်ပြီးသဖြင့် မူကြမ်းအတွက် တပ်မတော်ဘက်မှ ကိုယ်စားလှယ်များနှင့် ဆွေးနွေးနေသည့် တိုင်းရင်းသားကိုယ်စားလှယ်များအား အကြံပြုမှုများ ပြုလုပ်သွားမည်ဟုဆိုသည်။

တစ်နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းကို ဆွေးနွေးရန် အစိုးရဘက်မှ ဝန်ကြီးဦးအောင်မင်းအပါအဝင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှစ်ခုမှ ကိုယ်စားလှယ်သုံးဦး၊ လွှတ်တော်ဘက်မှ သုံးဦးနှင့် တပ်မတော်မှ သုံးဦး စုစုပေါင်းကိုးဦးပါဝင်သည်။ တိုင်းရင်းသားများဘက်မှ NCCTအဖွဲ့ဝင် ကိုယ်စားလှယ် ကိုးဦးပါဝင်သည့် ၁၈အဖွဲ့တစ်ဖွဲ့ကို မတ်လ ၉ရက်နှင့် ၁၀ရက်တွင် ပြုလုပ်သည့် ဆွေးနွေးပွဲအပြီး ဖွဲ့စည်းလိုက်သည်။

ကရင့်ရေးရာကော်မတီသည် ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး၊ ဒေသတွင်း ပြည်သူ့အရေးများကို စောင့်ကြည့်နေသည့် ကရင်အရပ်ဘက် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ဧပြီလ ၅ရက်မှ ၈ရက်ထိ ရန်ကုန်မြို့ Myanmar Peace Center ၌ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ ပထမရက်များတွင် တိုင်းရင်းသားတို့ဘက်မှ မူကြမ်းနှင့် အစိုးရဘက်မှ မူကြမ်းအကြား စကားလုံးအသုံးအနှုန်းဆိုင်ရာများ တပ်မတော်ဘက်မှ ကိုယ်စားလှယ်များ လက်ခံနိုင်ရန် ရှင်းလင်းပြောဆိုမှုများ လုပ်ခဲ့ရသည်ဟု တိုင်းရင်းသားခေါင်းဆောင်များက ပြောသည်။

တပ်မတော်နှင့်ညှိနှိုင်းခဲ့ရသည့် စကားလုံးများမှာ တော်လှန်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုစနစ်၊ တန်းတူ ညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စသည့် စကားလုံးများဖြစ်ပြီး တပ်ဘက်မှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံနှင့် မကိုက်ညီသဖြင့် မသုံးစွဲစေလိုခြင်းဖြစ်သည်ဟု NCCTအဖွဲ့ဝင် ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက မဇ္ဈိမကို ရှင်းပြသည်။

ဆွေးနွေးပွဲတွင် တပ်မတော်ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီး ၆ ဦး ပါဝင်ဆွေးနွေးခဲ့ခြင်းနှင့် ပတ်သက်၍ ဒေါက်တာလျန်မှုန်းဆာခေါင်းက “အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ဆိုတာက တပ်မတော်နဲ့ဆိုင်တာပါ အခုလို တပ်က သူတွေ ပါဝင်လာတာ ဆွေးနွေးလာတာ အားကောင်းလာတော့ ပိုပြီး ခိုင်မာလာမယ်လို့ မျှော်လင့် ရပါတယ်"ဟု ပြောသည်။

၎ ရက်တာ ဆွေးနွေးပွဲတွင် မူကြမ်းနှစ်စောင်မှ နိဒါန်း၊ အခြေခံမူများ၊ ရည်ရွယ်ချက်၊ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အချက်အလက်များ၊ အပစ်အခတ်ရပ်စဲရေး ခိုင်မာစေရေး အချက်များ၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ အချက်အလက်များ၊ အထွေထွေ အချက်အလက်များ စသည့် အခန်း (၇)ခန်းပါ Single Text အဖြစ် တစ်စောင်တည်း ပေါင်းစည်းနိုင်ခဲ့သော်လည်း နှစ်ဖက်ခေါင်းဆောင်များမှ သဘောထား ရယူနိုင်ရန် မေလ ပထမပတ်တွင် ပြန်လည် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

No comments: