Sunday, April 6, 2014

စည်းကမ်းမဲ့ ယာဉ်ဖမ်းနေသည့် ယာဉ်ထိန်းရဲ ဆိုင်ကယ်ဖြင့် ဝင်တိုက်ခံရ

ဇော်ဇော်ထွေး

စည်းကမ်းပျက်ယာဉ်များ ဖမ်းဆီးရေး ဆောင်ရွက်နေသည့် ယာဉ်ထိန်းအဖွဲ့ခေါင်းဆောင်ဖြစ်သူ ဒုရဲမှူးအား ဆိုင်ကယ်ဖြင့် ဝင်တိုက်ကာထွက်ပြေးသွားသဖြင့် ဒလမြို့နယ်ရဲစခန်းက မတ်လ ၂ ရက်တွင် အမှုဖွင့် စစ်ဆေး လျက်ရှိသည်။

ဧပြီလ ၂ ရက် ညနေ ၅ နာရီခွဲက ဒလမြို့ အမှတ် (၄၉)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲမှူးအေးဝင်းနှင့် အဖွဲ့သည် မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ တိုင်းရင်းဆေးကုဌာန ရှေ့တွင် စည်းကမ်းပျက်ယာဉ်များအား ဖမ်းဆီးရေး ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

ထိုအချိန်တွင် တွံတေးကားလမ်းအတိုင်း အရှေ့မှ အနောက်သို့ အမည်မသိသူ မောင်းနှင်လာသည့် ၁၂၅ အမျိုးအစား နီ/နက်ရောင် ဆိုင်ကယ်သည် အရှိန်ပြင်းစွာ မောင်းနှင်လာပြီး ဒုရဲမှူး အေးဝင်းကို ဝင်တိုက်မိခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ဆိုင်ကယ်တိုက်မိသည့်အတွက် ဒုရဲမှူးတွင် ယာခြေသလုံးကွဲရှ ဒဏ်ရာ၊ နှာခေါင်းပေါက်ပြဲဒဏ်ရာ၊ ဦးခေါင်းဖူးရောင်ဒဏ်ရာများ ရရှိပြီး မြို့နယ်ဆေးရုံတွင် ပြင်ပလူနာ (မစိုးရိမ်ရ) အဖြစ် တင်ပို့ ကုသခဲ့ရသည်ဟုဆိုသည်။

ဆိုင်ကယ်မောင်းနှင်သူသည် ဝင်တိုက်ပြီး ထွက်ပြေးသွားသဖြင့် ဖမ်းဆီးအရေးယူပေးရန် ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲအုပ်မျိုးအောင်က တရားလိုပြုလုပ် တိုင်တန်းထားသည်။

ယင်းတိုင်တန်းမှုကို မြို့နယ် ရဲစခန်းက ယာဉ် (ပ)၇/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၂၇၉/၃၃၇/၂၀၂ တို့ဖြင့် အရေးယူရန် စုံစမ်းဆောင်ရွက်နေသည်။

No comments: