Tuesday, April 22, 2014

နတ်တလင်းမြို့ရှိ နေအိမ်များဖျက်ဆီးခံရမှု တရားခံ ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေး

ရေခဲ(ပြည်)

ပဲခူးတိုင်း နတ်တလင်းမြို့နယ် တောင်ညိုမြို့သစ်ရှိ နေအိမ်လေးလုံး ဖျက်ဆီးခံရမှုနှင့် ပတ်သက်ပြီး အရေးယူရန် စုံစမ်းမှုများ ပြုလုပ်နေသည်ဟုဆိုသော်လည်း တရားခံများကို ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိသေးဟု တောင်ညို ရဲစခန်း တာဝန်မှူး ရဲအရာရှိက ဧပြီ ၂၁ရက်တွင် မဇ္ဈိမကို ပြောသည်။

“အရေးယူဖို့ ဆောင်ရွက်နေပါတယ်၊ စုံစမ်းနေဆဲပါ” ဟု တာဝန်မှူးက ပြောသည်။

နတ်တလင်းမြို့နယ် တောင်ညိုမြို့သစ် ကံစုကျေးရွာနေ မိန်းကလေးတစ်ဦးသည် ဘာသာခြား လူငယ်တစ်ဦးနှင့် ချစ်ကြိုက်သည်ဟု ဆိုကာ မကျေနပ်သဖြင့် ဒေသခံ ၃၀၀ခန့်က မိန်းကလေး၏ အိမ်နှင့် လူငယ်၏ မိတ်ဆွေ နေအိမ်သုံးလုံး စုစုပေါင်းအိမ်လေးလုံးကို သင်္ကြန်ကာလအတွင်း ဧပြီ ၁၅၊ ၁၆ နှင့် ၁၇ ရက်များတွင် ဖျက်စီးမှုများ ပြုလုပ်ခဲ့သည်ဟု ရဲအရာရှိကဆိုသည်။

နေအိမ်ဖျက်စီးသူများကို အရေးယူရန် စုံစမ်းနေစဉ်အတွင်း လက်ရှိတွင် ဘာသာခြား လူငယ်အား ဧည့်စာရင်းမတိုင်မှုဖြင့် အရေးယူဆောင်ရွက်ထားသည်ဟုလည်း အဆိုပါ ရဲအရာရှိက ပြောသည်။

နယ်မြေအေးချမ်း သွားပြီဖြစ်သဖြင့် လုံခြုံရေးတိုးမြှင့်ချထားခြင်း မရှိကြောင်းနှင့် အိမ်ဖျက်စီးခံရသူ များသည်လည်း နေအိမ်များပြန်ဆောက်နေပြီဟု တာဝန်မှူးက ဆက်ပြောသည်။

No comments: