ဇော်ဇော်ထွေး
ကားအရောင်း ကုမ္ပဏီတစ်ခုမှ ပွဲစားဖြစ်သူကို မော်တော်ကားများနှင့် လိုင်စင်လျှောက်ရမည့် ငွေများအလွဲ သုံးစားလုပ်မှုဖြင့် အမှုဖွင့်ထားရာ မင်္ဂလာတောင်ညွန့် ရဲစခန်းက မတ်လ ၃၁ တွင် စစ်ဆေးနေသည်ဟု တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် သပြေကုန်းရပ်ကွက်တွင် နေထိုင်သည့် Best Auto ကုမ္ပဏီမှ ဒါရိုက်တာဖြစ်သူ ဒေါ်မာလာက အမှုဖွင့်တိုင်တန်းထားသည်ဟု ဆိုသည်။
၎င်းကုမ္ပဏီ၏ ကားပွဲစားဖြစ်သူ ဦးကျော်ဆွေ (စိစစ်ဆဲ) ဆိုသူထံသို့ ကျပ် ၁၃၅ သိန်းတန် VANETTE VAN ယာဉ်နှင့် ဇန်န၀ါရီ ၂၅ တွင် တန်ဖိုးကျပ်သိန်း ၁၉၀ တန် HILUX DOUBLE CAB ယာဉ်တို့ကို ရောင်းချရန် အတွက် ယုံကြည်စွာအပ်နှံထားခဲ့သည်ဟု ဆိုသည်။
ဇန်န၀ါရီ ၃ ရက်ကလည်း နီဆန်းမတ်ရှ် ယာဉ်နှင့် တိုရိုတာ ပရိုဘောက်ယာဉ် ငါးစီးအတွက် ကညနတွင် လုပ်ငန်းလိုင်စင်လျှောက်ရန် အမှုတွဲဖိုင်( တစ်ဖိုင်လျှင် ကျပ်သိန်း ၂၀ နှုန်းဖြင့်) စုစုပေါင်းကျပ်သိန်း ၁၂၀ တို့ကိုကိုကျော်ဆွေက ယူဆောင်ထားခဲ့သည်ဟု ရဲထံ ထွက်ဆိုထားသည်။
သို့သော် အဆိုပါ ကားတန်ဖိုးငွေများကို ပြန်လည်ပေးသွင်းခြင်း မရှိဘဲ စုစုပေါင်း တန်ဖိုး ကျပ် ၄၄၅ သိန်းအား အလွဲသုံးစား ပြုလုပ်သည်ဟု တရားလိုက စွပ်စွဲတိုင်တန်းလိုက်ခြင်း ဖြစ်သည်။
ယင်းတိုင်တန်းမှုကို ရဲစခန်းက (ပ) ၁၉၉/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံရသူကို ဖမ်းဆီးစစ်ဆေးသွား မည်ဖြစ်ပြီး ပြစ်မှုထင်ရှားပါက ပုဒ်မ ၄၀၆ ဖြင့် တရားစွဲတင်အရေးယူပေးမည်ဟု ရဲတပ်ဖွဲ့ကဆိုထား သည်။
No comments:
Post a Comment