Sunday, April 13, 2014

သျှမ်းမြောက် / ကချင် နယ်စပ် တိုက်ပွဲမှ လက်နက်ကြီး ကျည်များ ဒေသခံ လူထုအား ဒုက္ခပေးနေ

သျှမ်းသံတော်ဆင့်/စိုင်းတိုင်း

သျှမ်းမြောက် /ကချင် နယ် စပ် တိုက်ပွဲတွင် လက်နက်ကြီး ပစ်ခတ် မှုများကြောင့် ဒေသတွင်း လူထု ထိခိုက်ရကြောင်း ဒေသတွင်း သတင်းရပ်ကွက် က ဆိုပါသည်။

အစိုးရစစ်တပ် တပ်မ ၈၈ လက်အောက်ခံတပ်များက မံစီမြို့နယ် အတွင်းရှိ နောင်လုတ်ကျေးရွာနှင့် ကောင်းခန်တပ်ကုန်းစခန်း ကနေ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များရှိရာ လွယ်ဟိုဆေ တောင် ဘက်သို့ ၈၀ မမ အမြောက်ဖြင့်ပစ် ခတ်နေကြောင်း၊ ပစ်ခတ်လိုက်သည့် အမြောက်ဆံက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ရှိရာသို့ မကျရောက်ပဲ ၄င်း အနီးရှိ ကျေးရွာများအတွင်း ကျရောက်ထိမှန်ကြောင်း နမ့်ခမ်းမြို့ရောက် စစ်ဘေးရှောင် လုံးမြ ကဆိုသည်။

“သူတို့ ပစ်လာတဲ့ အမြောက်ဆံတွေက နောင်စွမ်း ၊ စွမ်ခါး နဲ့ နားလုံကျေးရွာ ထဲက လူနေအိမ်တွေ ဘုန်းကြီးကျောင်းတွေ ထိတယ်၊ မနေ့ကတော့ နောင်စွမ်းကျေးရွာသား စိုင်းချစ်ဖွယ် ကို ထိမှန်တယ်။ ခုတရုတ်ပြည် နောင်တောင်းဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်။ ကြံစိုက်ခင်းထိရင် တခင်းလုံး မီးလောင်တယ်။ ဖရဲခြံတွေ ဗုံးဆန်ထိမှန်လို့ ပျက်စီး ကုန်တယ်။” ဟု ၄င်း ကဆိုသည်။

အဆိုပါ လက်နက်ကြီးများ ရွာနီးစပ်ချုပ်တွင်ကျရောက်သဖြင့် ရပ်ရွာတွင်းလူထုလည်း မနေရဲကြဘဲ မြို့ပေါ်သို့ထွက်ပြေးတိမ်းရှောင်နေကြကြောင်း နမ့်ခမ်းမြို့လူငယ်စိုင်းအိုက်ပီးကပြောသည်။

နှစ်ဖက်တပ်များ၏ အပြန်အလှန် ပစ်ခတ် လိုက်သော လက်နက်ကြီးသံများသည် နေ့ခင်းပိုင်းမှသာ ငြိမ်သက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

No comments: