သိင်္ဂီထွန်း
ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းသည် ဧပြီလ ၁၂ ရက်တွင် မွန်ဂိုလီးယားနိုင်ငံ၊ အူလန်ဘာတာမြို့သို့ သွားရောက်မည်ဖြစ်ပြီး ၎င်းလာရောက်ပါက ၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရား မျှတရန်နှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် တိုက်တွန်းသွားမည်ဟု မွန်ဂိုးလီးယားသမ္မတ၏ နိုင်ငံတော် လုံခြုံ ရေးနှင့် နိုင်ငံခြားရေးမူဝါဒအကြံပေး Lundeg Purevsuren ဧပြီလ ၅ ရက်က မွန်ဂိုလီးယားနိုင်ငံတွင် မြန်မာသတင်းသမားများနှင့် တွေ့ဆုံစဉ် မဇ္ဈိမ၏ မေးမြန်းမှုကို ပြောကြားခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ ဦးရွှေမန်းလာရင် လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲလုပ်ပေးဖို့၊ အခြေခံဥပဒေပြင်ဖို့ ကျွန်တော်တို့အစိုးရအနေနဲ့ တိုက်တွန်းပါမယ်”ဟု Lundeg Purevsuren က ပြောသည်။
ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မွန်ဂိုလီးယားနိုင်ငံသို့ တစ်ပတ်ခန့် သွားရောက်မည်ဖြစ်ပြီး မွန်ဂိုလီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံမည်ဖြစ်သည်။
သူရဦးရွှေမန်း၏ ခရီးစဉ်အတွင်း မွန်ဂိုလီးယားနိုင်ငံ၏ နှစ် ၂၀ ကျော်ကြာ ဒီမိုကရေစီလမ်းကြောင်းပေါ် သွားရာတွင် ကြုံ တွေ့ရသည့် အောင်မြင်မှုများ၊ အားနည်း ချက်များကို မျှဝေမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် အစိုးရ၊ အရပ်ဘက်အဖွဲ့များနှင့် ပြည်သူများကို မွန်ဂိုလီးယားက နိုင်ငံရေးသင်တန်း၊ ဒီမိုကရေစီရေးရာ သင်တန်းများပေးလိုသည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးမည်ဟု ဆိုသည်။
“ဒီမိုကရေစီအပြောင်းအလဲ ဦးတည်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ဖို့ သင်တန်းတွေပေးရင်း တိုက်တွန်းသွားမယ်။ အဲဒီအတွက်လည်း ဘတ်ဂျက်တွေရှိပါတယ်။ ဒါပေမဲ့ အစိုးရက ကျွန်တော်တို့ရဲ့ အကူအညီပေးတာကို လက်မခံဘူးဆိုရင် အတိုက်အခံကိုပဲ အကူအညီပေးသွားပါမယ်”ဟု Lundeg Purevsuren ဆက်လက် ပြောကြားသည်။
မွန်ဂိုလီးယားနိုင်ငံသည် ၁၉၉၀ ပြည့်နှစ်တွင် အာဏာရဆိုရှယ်လစ် အစိုးရ နုတ်ထွက်ပေးသည့်အတွက် ဒီမိုကရေစီ အစိုးရသို့ အသွင်ကူးပြောင်းနိုင်ခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့သည်။
သို့သော် ဒီမိုကရေစီရအပြီး လေးနှစ်တစ်ကြိမ် ကျင်းပခဲ့သည့် ရွေးကောက်ပွဲများတွင် မဲ မသမာမှုများရှိကာ ၂၀၀၈ ခုနှစ် ရွေးကောက်ပွဲအပြီး လူထုဆန္ဒပြမှုများ ပြု လုပ်ခဲ့ရာ လူငါးဦး သေဆုံးခဲ့ရသည်။ ယင်းသို့ သေဆုံးခြင်းကြောင့် မဲရေတွက်သည့် စက်များဝယ်ယူခဲ့ပြီး ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသည့် လွတ်လပ်သော အဖွဲ့များလည်း ထားရှိခဲ့သည်။
No comments:
Post a Comment