Sunday, April 13, 2014

ပဋိပက္ခများကို မြန်မာနိုင်ငံ ကျော်လွှားနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း ဂျာမနီရောက် ဒေါ်အောင်ဆန်းစုကြည်ပြော

ဘန်ကောက်ပို့စ်

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအတွင်း သဘောထားကွဲလွဲမှုများကို ကျော်လွှားနိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်ဟု ဂျာမနီနိုင်ငံသို့ ရောက်ရှိနေသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၁၀ရက်က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များနှင့် မူစလင်များအကြား ပဋိပက္ခများ မကြာခဏဖြစ်ပွားလျက်ရှိသော ကာလတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် စစ်အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းလျက်ရှိရာတွင် မြန်မာနိုင်ငံသည် “ဒီမိုကရေစီကို ယုံကြည်ကြသော နိုင်ငံအားလုံး” ၏ ထောက်ခံအားပေးမှု ရရန် ကြိုးစားလျက်ရှိကြောင်း အသက် ၆၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်က၊ ဂျာမန်ဝန်ကြီးချုပ် အန်ဂျယ်လာမာခယ်လ်နှင့် မတွေ့ဆုံမီတွင် ပြောကြားခဲ့သည်။

“ကျွန်မအတွက်တော့ ဘာလင်ဟာ ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍရဲ့ အောင်မြင်မှုသင်္ကေတ တစ်ခုဖြစ်ရုံတင် မကပါဘူး၊ နိုင်ငံရေး ညှိနှိုင်းမှုရဲ့ အောင်မြင်မှု သင်္ကေတ တစ်ခုနဲ့ စည်လုံးညီညွတ်မှု ရရှိလာအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အောင်မြင်မှု တစ်ရပ်လည်း ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များကို ပြောကြားခဲ့သည်။

“ကျွန်မတို့ရဲ့ နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံဟာ ပြည်ထောင်စုတစ်ခု ဖြစ်ပါတယ်။ ကျွန်မတို့ဟာ မြန်မာနိုင်ငံကို တကယ့်ကို ဒီမိုကရေစီကို အခြေခံတဲ့ ပြည်ထောင်စုတစ်ခု ဖြစ်လာစေချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ မြန်မာနိုင်ငံသားများအကြားတွင် ရှိကောင်းရှိနေနိုင်သော သဘောထားကွဲလွဲမှုများအားလုံးကို နိုင်ငံသားများက ကျော်လွှားနိုင်ကာ၊ မြန်မာနိုင်ငံတွင် နေထိုင်ကြသူအားလုံးအတွက် ဘေးကင်းလုံခြုံမှု၊ လွတ်လပ်မှု နှင့် မျှော်လင့်ချက်များကို အာမခံနိုင်မည့် နိုင်ငံမျိုး ဖြစ်လာစေချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။

မြန်မာ့နိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ အရေးပါလှသော အခန်းကဏ္ဍကို ဂျာမန်ဝန်ကြီးချုပ်မာခယ်လ်က ကြိုဆိုခဲ့သည်။ ဘာလင်တံတိုင်းပြိုကျခြင်း ၂၅ နှစ်မြောက် အခမ်းအနားကို ယခုနှစ်ထဲတွင် ကျင်းပခဲ့သော ဂျာမနီနိုင်ငံအနေဖြင့်၊ “ပိုမိုကောင်းမွန်သော အနာဂတ် လမ်းကြောင်းဆီသို့ ဦးတည်သွားနေသည့်” မြန်မာနိုင်ငံအား အကူအညီပေးလိုသည်ဟု ဂျာမန်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ဟာ “နေအိမ်အကျယ်ချုပ် ကျခံခဲ့ရတုန်းက မယုံနိုင်စရာ အချိန်ကာလတစ်ရပ်ကို တွေ့ကြုံဖြတ်သန်းခဲ့ရပေမယ့် သူဟာ သူ့ရဲ့ စံနှုန်းတွေနဲ့ ခံယူချက်တွေကို ဘယ်တော့မှ မစွန့်လွှတ်ခဲ့ပါဘူး” ဟု ဂျာမန်ဝန်ကြီးချုပ်က ပြောခဲ့သည်။

“အောင်ဆန်းစုကြည်ဟာ အဲဒီလို ခက်ခဲတဲ့ကာလကို ကြံ့ကြံ့ခံပြီးတော့၊ သူ့နိုင်ငံရဲ့ အသွင်ကူးပြောင်းရေးမှာ အဓိကကျလှတဲ့ နိုင်ငံရေး အခန်းကဏ္ဍကနေ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် ကျွန်မ ဝမ်းသာပါတယ်” ဟု လည်း မာခယ်လ်က ဆိုသည်။

နိုဘယ်ငြိမ်းချမ်းရေးဆုရျင် ဒေါ်အောင်ဆန်းစုကြည်သည် ယခုဥရောပခရီးစဉ်တွင် ပြင်သစ်နိုင်ငံသို့လည်း သွားရောက်မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဂျာမနီ ခရီးစဉ်အား၊ ဂျာမနီ နှင့် မြန်မာ အကြား ဆက်ဆံရေး တိုးတက်လာစေရန် အတွက် အရေးကြီးလှသော ခြေလှမ်းတစ်ရပ် အဖြစ် ဘာလင်တွင် ရှုမြင်ကြကြောင်း ဂျာမန်မီဒီယာများက ရေးသားဖော်ပြခဲ့ကြသည်။ ယခင် မြန်မာ စစ်အစိုးရ နှင့် ဂျာမနီ၏ သံတမန်ရေး ဆက်ဆံခဲ့ပုံနှင့် ပတ်သတ်၍ ဒေါ်အောင်ဆန်းစုကြည်က သဘောမကျခဲ့ကြောင်း ယခင်က သတင်းများ ထွက်ပေါ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဂျာမန် ဝန်ကြီးချုပ်နှင့် မတွေ့ဆုံမီတွင်၊ အရှေ့ဂျာမနီ ဒီမိုကရေစီရေး လှုပ်ရှားခဲ့သူတစ်ဦးဖြစ်သော ဂျာမန်သမ္မတ Joachim Gauck နှင့်လည်း တွေ့ဆုံခဲ့သေးသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သောကြာနေ့တွင် Willy Brandt ဆုကို ဂျာမနီနိုင်ငံ လက်ရှိပူးတွဲအာဏာရ ဆိုရှယ်ဒီမိုကရက်တစ်ပါတီထံမှ လက်ခံရယူမည် ဖြစ်သည်။ ထိုဆုမှာ အနောက်ဂျာမနီဝန်ကြီးချုပ်ဟောင်း နှင့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် တစ်ဦးဖြစ်သူ ကွယ်လွန်သူ Willy Brandt အား ရည်ညွှန်းသောအားဖြင့် ဒီမိုကရေစီ၊ လွတ်လပ်ခွင့် နှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များအတွက် ကြိုးပမ်းအားထုတ်ခဲ့ခြင်းကို ဂုဏ်ပြုပေးအပ်ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည်၊ ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကျင်းပမည့် ရွေးကောက်ပွဲတွင် သူ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိမည်ဆိုပါက၊ သူ့အနေဖြင့် သမ္မတရာထူးအတွက် ဝင်ရောက်အရွေးခံရန် အဆင်သင့်ရှိကြောင်းလည်း ယခင်က ထုတ်ဖော်ပြောဆိုထားခဲ့သည်။

No comments: