မျိုးသန့်
မန္တလေးတိုင်း စဥ့်ကူးမြို့နယ် ကျည်တောက်ပေါက်ကျေးရွာ၊ တံခွန်ရွှေမိုင်း ၁ အခြေခံလုပ်သားများအဖွဲ့က ဧပြီလ ၃ ရက်နှင့် ၄ ရက်နှစ်ရက် ခွင့်ပြုချက်ဖြင့် မုဒိတာကန်တောင် စည်းကမ်းထိန်းသိမ်းရေး၊ လုံခြုံရေး အဖွဲ့နှင့် ထက်ရည်လင်းကုမ္ပဏီတို့၏ လူမိုက်အားကိုးဖြင့် ၎င်းတို့အား ခြိမ်းခြောက်နေမှုကို ကန့်ကွက် ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း ဧပြီလ ၂ ရက်၌ ၇၅လမ်းနှင့် ၃၅-၃၆လမ်းကြား ၈၈ ကဖေးတွင် ပြု လုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ အဆိုပါအခြေခံလုပ်သားများအဖွဲ့မှ နာယကဦးသန်းဝင်းက ပြောသည်။
“မုဒိတာအမည်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရရှိထားတဲ့ ကျေးရွာအတွင်းက လူဆိုး၊ လူမိုက်တွေကို ခန့်အပ်ပြီး ရွှေလုပ်သားတွေကို ခြိမ်းခြောက်တယ်။ ဗြုန်းရရှိလာတဲ့ဟာတွေကို အိမ်အထိလိုက်သိမ်းတယ်။ လုပ်ကိုင် စားသောက်နေတဲ့ရွှေတွင်းတွေကို သိမ်းယူတယ်။ အဲဒါကြောင့် အလုပ်သမားတွေ အလုပ်မရှိတော့ပါဘူး။ ဒါတွေကိုသိအောင် ဆန္ဒဖော်ထုတ်သွားမှာဖြစ်ပါတယ်”ဟု ဦးသန်းဝင်းက ပြောသည်။
ဆန္ဒထုတ်ဖော်မှုကို ကျည်တောက်ပေါက်ရပ်ကွက် ကျောင်းချောင်းရပ်ကွက် ရွှေတူးဖော်ရေးလုပ်ကွက်မှ မိုးကုတ်-မန္တလေးလမ်းဘေးရှိ ထက်ရည်လင်းကုမ္ပဏီရုံးချုပ်အထိ အင်အားငါးရာဖြင့် ကြွေးကြော်သံ ငါးခုေ ကွေးကြော်ကာ ဆန္ဒထုတ်ဖော်ကာ မုဒိတာအမည်ခံ လူမိုက်အသင်း(အလိုမရှိ)၊ ဓားကိုင်လူမိုက်အားကိုး ဌေးကို(အလိုမရှိ) ရွှေလုပ်သားများ အေးချမ်းစွာလုပ်ကိုင်ရေး(ဒို့အရေး) ထက်ရည်လင်းကုမ္ပဏီပိုင်ရှင် ဒေါ်ခင်ဝင်း (အလိုမရှိ)စသည်တို့ကို ကြွေးကြော်မည် ဖြစ်သည်။
“ထက်ရည်လင်းကုမ္ပဏီကနေ တာဝန်ပေးထားတဲ့ မုဒိတာအဖွဲ့ကို အလိုမရှိတဲ့အတွက် တာဝန်ကနေနား ပေးဖို့ ကုမ္ပဏီပိုင်ရှင်ဖြစ်တဲ့ ဒေါ်ခင်ဝင်းကို သွားရောက် အသိပေးခဲ့ပါတယ်။ ဒါပေမဲ့ သူကလည်း ဘာမှ မလုပ်ပေးတဲ့အတွက် ထက်ရည်လင်းကုမ္ပဏီကိုပါ ဆန္ဒထုတ်ဖော်ဖို့ စီစဉ်တာ ဖြစ်ပါတယ်”ဟု အလုပ်သ မားအရေး၊ လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေသော ကမ္ဘာ့အလုပ်သမားများအဖွဲ့ချုပ်နှင့် ဆက် သွယ်ဆောင်ရွက်သူများကွန်ရက် စဥ့်ကူးမြို့နယ်မှ ဦးဝင်းသန်းက ပြောသည်။
ထက်ရည်လင်းကုမ္ပဏီနှင့် မုဒိတာလုံခြုံရေးအဖွဲ့အား ခန့်အပ်မထားစဉ်က ကုမ္ပဏီမှ ရွှေလုပ်ကွက်များကို ကုမ္ပဏီခွဲငယ်များမှတစ်ဆင့် အင်းများကို ချထားပေးကာ အချိုးကျစနစ်ဖြင့် လုပ်ကိုင်နေရာမှ ယခုအခါတွင် အင်းများတွင်လုပ်ကိုင်နေသော ရွှေလုပ်သားများအား ဗြုန်းများခိုးယူသည်ဟုဆိုကာ ဖမ်းဆီးခြင်း၊ ခြိမ်း ခြောက်ခြင်းများ ပြုလုပ်နေသဖြင့် ကုမ္ပဏီခွဲငယ်များကလည်း လုပ်ငန်းများ ပိတ်သိမ်းလိုက်ကြ၍ အခြေခံ လုပ်သားများ ဒုက္ခရောက်ကြရသဖြင့် ဆန္ဒထုတ်ဖော်ထုတ်ရန် စီစဉ်ခြင်းဖြစ်သည်။
ယင်းကိစ္စနှင့်စပ်လျဉ်း၍ စဥ့်ကူးမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ တင်ပြထားရှိပြီးဖြစ်ရာ လက်ရှိတွင် စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု ကံတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မောင်းက ပြောသည်။
No comments:
Post a Comment