Wednesday, April 9, 2014

တယ်လီနောက မိုဘိုင်းကွန်ရက် Data Center နှစ်ခု ဆောက်မည်

စ, ချိုကို

ရန်ကုန် Data Center တွင် Voice Call နှင့် Video Calling စမ်းသပ်ခေါ်ဆိုမှုများ ပြုလုပ်ခဲ့ တယ်လီနော ဆက်သွယ်ရေးအော်ပရေတာက မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ၀န်ဆောင်မှုများ လုပ် ကိုင်ရန်အတွက် Data Center နှစ်ခုကိုရန်ကုန်နှင့် မန္တလေးတွင် တည်ဆောက်သွားမည် ဖြစ်သည်ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr.Petter Furberg က ဧပြီ ၇ ရက်တွင် ပြောသည်။

Mr. Petter Furberg က “မိုဘိုင်းကွန်ရက် တည်ဆောက်တဲ့အခါမှာ Data Center တွေထားတဲ့ Core Site က အရေးကြီးဆုံးပါ။ ရန်ကုန် Data Center နေရာကနေ တယ်လီနောရုံးချုပ်ကို ဖုန်းခေါ်ဆိုမှုတွေ ပြုလုပ်နိုင်ပါပြီ။ Data Center တည်ဆောက်ပြီးတဲ့အခါမှာတော့ တာဝါတိုင်တွေကို ဆက်လက်တည် ဆောက်သွားမှာပါ။ကျွန်တော်တို့ ကတိပေးထားတဲ့အတိုင်း လိုင်စင်ရပြီး ရှစ်လအကြာမှာ ၀န်ဆောင်မှုတွေ စတင်ပေးနိုင်ပါလိမ့်မယ်” ဟု ပြောသည်။

မိုဘိုင်းဝန်ဆောင်မှုများ စတင်ပေးမည့် တစ်နှစ်အတွင်း မိုဘိုင်းတာဝါတိုင် ၂၅၀၀ ခန့်ကို တည်ဆောက်ရန် လျာထားပြီး မိုဘိုင်းဆင်းမ်ကတ် ရောင်းချခြင်းနှင့် ၀န်ဆောင်မှုပေးသည့် ကိုယ်စားလှယ်ဆိုင် နှစ်သောင်း ခန့်ဖြင့် စတင်သွားရန်ရှိသည်ဟု Mr.Petter က ပြောသည်။

ရန်ကုန်ရှိ Data Center တည်နေရာမှ တယ်လီနောရုံးချုပ်သို့ Voice Call နှင့် Video Calling ဖုန်းခေါ်ဆို မှုများကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်း ပညာဝန်ကြီးဌာနမှ ၀န်ကြီးဦးမြတ်ဟိန်း ကိုယ် တိုင် ဧပြီ ၇ ရက်က စမ်းသပ်ခေါ်ဆိုမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဆက်သွယ်ရေးဝန်ကြီး ဦးမြတ်ဟိန်းက “တယ်လီနောက လိုင်စင်ရပြီး ရှစ်လအကြာမှာ သုံးဆွဲသူတွေကို စတင်မိတ်ဆက်မယ်လို့ ကတိပေးထား တယ်။ ကတိပေးထားသလိုပဲ အချိန်တို နှစ်လကျော် အတွင်းမှာ ဒီအခြေအနေရောက်အောင် လုပ်နိုင်လို့ အလွန်ဝမ်းသာမိပါတယ်။ ကျွန်တော် တို့နိုင်ငံရဲ့ တယ်လီကွန်း သိပ်သည်းဆက အခြားအိမ်နီးချင်းနိုင်ငံတွေထက် အလွန်နိမ့်ကျနေပါတယ်။ ဒါ့ကြောင့် ခုလို နိုင်ငံတကာ အဆင့်မီ အော်ပရေတာတွေကို တင်ဒါရွေးချယ်ခေါ်ယူပြီး နိုင်ငံတကာ စံနှုန်းနဲ့အညီ လုပ်ဆောင်နေပါပြီဆို တာကို သိစေချင်ပါတယ်” ဟု ပြောကြားခဲ့ သည်။

မိုဘိုင်းဝန်ဆောင်မှုများတွင် Video Calling ခေါ်ဆိုနိုင်သည့် စနစ်ကိုပါ တစ်ပြိုင်နက် စတင်ဝန်ဆောင်မှု ပေးနိုင်မည်ဖြစ်သည်ဟု တယ်လီနော၏ Chief Technical Officer ဖြစ်သူ Mr.Parathet Tankuranun က ပြောသည်။

Mr. Parathet Tankuranun က“Video Calling ခေါ်ဆိုမှုတွေလည်း လုပ်နိုင်ပါတယ်။ ပြည်ပကို ဆက် သွယ်တဲ့အင်တာနက် အမြန်နှုန်း ဆက်ကြောင်းကတော့ လက်ရှိမှာရှိပြီးသား အင်တာနက်ဆက်ကြောင်း ကို အသုံးပြုသွားမှာဖြစ်ပြီး နောက်ပိုင်းမှာ ဆက်ကြောင်းအသစ် ချိတ်ဆက်သွားမှာပါ” ဟုပြောသည်။

Video Calling ပြုလုပ်ရာတွင် အင်တာနက်လိုင်းပေါ်မှ တဆင့်ခေါ်ဆိုမှုဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံတွင် အသုံးမပြုသေးသော MMS Service ကိုပါ အသုံးပြုနိုင်မည်ဟု တယ်လီနော Data Center မှ အိုင်တီ အင်ဂျင်နီယာတစ်ဦးက ပြောသည်။

၎င်းက “Video Calling က အင်တာနက်လိုင်းပေါ်ကနေ ခေါ်ဆိုနိုင်မှာ ဖြစ်ပါတယ်။ အင်တာနက်လိုင်း ကလည်း အသုံးပြုတဲ့အချိန်မှ ဖွင့်သုံးတာမျိုး မဟုတ်ဘဲ ဆင်းမ်ကတ်ရောင်းကတည်းက ဖုန်းလိုင်းရော အင် တာနက်လိုင်းပါ ၂၄ နာရီ ဖွင့်လှစ်ပေးထားမှာ ဖြစ်ပါတယ်” ဟုပြောသည်။

တယ်လီနောအနေဖြင့် ကောက်ခံမည့် ဖုန်းခေါ်ဆိုခများကို သတ်မှတ်ထားပြီး ဖြစ်သော်လည်း ၀န်ဆောင်မှု ပေးမည့်အချိန် နီးသည့်အခါ မှသာ တရားဝင်ထုတ်ပြန် ကြေညာသွားမည်ဖြစ်သည်ဟု Mr.Petter Furberg က ပြောသည်။

ဆက်သွယ်ရေး အော်ပရေတာများ၏ လုပ်ကိုင်ခွင့် လိုင်စင်ကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃၀ ရက်က ရရှိခဲ့ခြင်း ဖြစ်ကာ အဆိုပါလိုင်စင်သည်ဖေဖော်ဝါရီ ၅ရက်တွင် စတင်အသက်ဝင်ခြင်းဖြစ်သည်။ လိုင်စင်သက်တမ်း မှာ ၁၅ နှစ်ဖြစ်ပြီး အော်ပရေတာတစ်ခုစီက လိုင်စင်ကြေး အမေရိကန် ဒေါ်လာ သန်း ၅၀၀ ပေးဆောင်ရ မည် ဖြစ်သည်။

No comments: