Tuesday, April 22, 2014

DVB သတင်းထောက်နှင့် ကျောင်းသားမိဘ တို့ ချွင်းချက်မရှိ ပြန်လွှတ်ပေးရေး မကွေးမြသလွန်ဘုရားတွင် ဆုတောင်းပွဲလုပ်

ဝိုင်းအောင်

ဒီမိုကရက်တစ်မြန်မာ့ အသံ (DVB ) သတင်းထောက် ကိုဇ်ာဖေ(ခ) သူရသက်တင်နှင့် ကျောင်းသား မိဘတစ်ဦးဖြစ်သူ ဦးဝင်းမြင့်လှိုင် တို့ ထောင်ဒဏ် တစ်နှစ်ချခံရခြင်းကို ချွင်းချက်မရှိပြန်လွှတ်ပေးရေး ဒေသခံသတင်းသမားများက မကွေးမြို့ မြသလွန်စေတီတော် ရင်ပြင်ပေါ်တွင် ဧပြီ ၂၁ ရက် နံနက် ၉ နာရီတွင် ဆုတောင်းပွဲပြုလုပ်လိုက်သည်။

ဒေသခံသတင်းသမားများတွင် မကွေးမြို့ပေါ်မှ သတင်းသမားအချို့နှင့် မင်းဘူး၊ နတ်မောက်၊ ရေနံချောင်းမြို့များမှ သတင်းသမားများ အပါအ၀င် စုစုပေါင်း အင်အား နှစ်ဆယ့်ငါးဦးခန့်ပါဝင်သည်။

``ထောင်ဒဏ် တစ်နှစ်စီကျသွားတဲ့ DVB သတင်းထောက် ကိုဇော်ဖေ (ခ) သူရသက်တင်နှင့် ကျောင်းသား မိဘတစ်ဦးဖြစ်တဲ့ ဦးဝင်းမြင့်လှိုင်(ခ) ကိုလှိုင်လှိုင် တို့သည် ယခုချမှတ်ထားသော ပြစ်ဒဏ်များမှ အမြန်ဆုံး ပြန်လည် လွှတ်မြောက်ရပါစေသား အရှင်ဘုရား.´´ဟု ဆုတောင်းကြပြီး နမောတဿ သုံးကြိမ် သံပြိုင်ရွတ်ဆိုကာ မြသလွန်စေတီတော်မြတ်အား ပူဇော်ကန်တော့ ခဲ့ကြခြင်း ဖြစ်သည်။

စေတီတော် ရင်ပြင်ပေါ်တွင် ဒေသခံသတင်းသမားများ စုရပ်ပြုလုပ်နေစဉ် ဘုရားဂေါပကအဖွဲ့မှ လွှတ်လိုက်သည်ဆိုသည့် အမည် မသိ လူတစ်ဦးရောက်လာပြီး ဆုတောင်းပွဲလုပ်လျှင် ဂေါပကအဖွဲ့သို့ လာရောက်အကြောင်းကြားရန် အသိပေးပြောဆိုကြောင်း၊ သတင်းသမားများမှ ဆုတောင်းပြီး မြသလွန်စေတီတော်အား ရှစ်ခိုးပူဇော်ခြင်းသာ ပြုလုပ်ခြင်းဖြစ်၍ မည်သူထံမျှ ခွင့်ပြုချက် မတောင်းခံနိုင်ကြောင်းပြောဆို လိုက်ကြောင်း အဆိုပါ ဆုတောင်းပွဲမှ သတင်းသမားများကပြောသည်။

ဂျပန်ပညာတော်သင် အတွက် ကျောင်းသားများ ရွေးချယ်ခြင်းနှင့် ပတ်သက်ပြီး သတင်းယူခဲ့သည့် ကိုဇော်ဖေနှင့် ကျောင်းသားမိဘ တစ်ဦးဖြစ်သူ ဦးမြင့်လှိုင်တို့အား မကွေးမြို့နယ် ပညာရေးမှူးရုံးက တရားလိုပြုကာ ၀တ္တရားနှောက်ယှက်မှု ပုဒ်မ - ၃၅၃၊ ပိုင်နက် ကျူးလွန်မှု ပုဒ်မ - ၄၄၈ တို့ ဖြင့် ၂၀၁၂ ခုနှစ်တွင် တရားစွဲဆိုခဲ့ရာ ၂၀၁၄ ခုနှစ် ဧပြီ ၇ ရက် တွင် မကွေးမြို့နယ် တရားရုံးကထောင်ဒဏ်တစ်နှစ်စီချမှတ်ခဲ့ခြင်းဖြစ်သည်။

No comments: