ဝင်းကိုကိုလတ်
မြန်မာနိုင်ငံအား ကုန်သွယ်မှု အထူးကင်းလွတ်ခွင့် (Generalized System of Preference) အမေရိကန် နိုင်ငံက ပေးအပ်ရန်စီစဉ်လျက်ရှိပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူများ အမေရိကန်သို့ သွားရောက်မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။
၎င်းက “ကုန်သွယ်မှု အထူးကင်းလွတ်ခွင့်ကိစ္စအတွက် ကျွန်တော့်ဝန်ကြီးဌာနက ဒုတိယ၀န်ကြီး ဒေါက်တာပွင့်ဆန်းနဲ့ ညွန်ကြားရေးမှူးချုပ်တို့ အမေရိကန်ကို သွားပါမယ်” ဟု ဆိုသည်။
နေပြည်တော်ရှိ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် ယနေ့ကျင်းပသည့် တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေ၊ နည်းဥပဒေ ရေးဆွဲနိုင်ရေး ဦးဆောင်အဖွဲ့ ဒုတိယအကြိမ် အစည်းအဝေးနားချိန်၌ မီဒီယာအချို့ကို ၀န်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့သည်။
စီးပွား/ကူးသန်းဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာပွင့်ဆန်းသည် မည်သည့်အချိန်တွင် အမေရိကန်သို့ သွားရောက်မည်ကိုမူ ပြည်ထောင်စုဝန်ကြီးက အတည်မပြုနိုင်းသေးဟု ဆိုသည်။
အမေရိကန်၏ GSP ရရှိပါက လယ်ယာထွက်ကုန်များနှင့် အထည်ချုပ်လုပ်ငန်းများ များစွာ တိုးတက်လာမည်ဟု ၎င်းက ပြောသည်။ ၎င်းက“ကျွန်တော်တို့ ပို့ကုန်တွေ value added လုပ်ရမယ်” ဟုမှတ်ချက်ပြုသည်။
မြန်မာနိုင်ငံ ကုန်သည်နှင့်စက်မှု အသင်းချုပ်ဥက္ကဋ္ဌ ဦးဝင်းအောင်က မြန်မာနိုင်ငံသည် အမေရိကန်နိုင်ငံမှ ကုန်သွယ်မှု အထူးကင်းလွတ်ခွင့်ရရှိပါက မြန်မာပို့ကုန်များ အခွန်သက်သာခွင့်များရရှိခြင်း၊ဈေးနှုန်းကောင်း များရရှိခြင်း၊ ကမ္ဘာ့အကြီးဆုံးဈေးကွက်သို့ ထိုးဖောက်ရသဖြင့် အရည်အသွေးပိုင်း တိုးတက်လာမည်ဟု မဇ္ဈိမ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားသည်။
၎င်းက “အမေရိကန်ကနေ ကုန်သွယ်မှု အထူးကင်းလွတ်ခွင့်ရရင် အခွန်သက်သာခွင့် ရပြီ။ အခွန်တွေ သက်သာပြီဆိုရင် ဈေးနှုန်းထိုက်ထိုက်တန်တန် ရပြီ။ ပြောရရင် အကျိုးဆက် တစ်လျှောက်ဖြစ်တဲ့ တောင် သူတွေအထိ အကျိုးရှိမယ်” ဟု မှတ်ချက်ပြုသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဒေါက်တာစိုးထွန်းက ယခုကဲ့သို့ အမေရိကန်နိုင်ငံ နှင့် ကုန်သွယ်မှု အထူးကင်းလွတ်ခွင့်ဆွေးနွေးရန် စီစဉ်နိုင်ခြင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ၏ အကျိုးဆက်ဖြစ်သည်ဟု သုံးသပ်သည်။
No comments:
Post a Comment