Thursday, April 24, 2014

အာဏာရှင်စနစ်အမွေအနှစ်များကို စစ်တပ်က ဖြေရှင်းခြင်းမရှိသေးဟု ICG ဝေဖန်

ကေဇူး

မြန်မာ့တပ်မတော်သည် အာဏာလျှော့ချခဲ့သော်လည်း အာဏာရှင်စနစ် အမွေဆိုးများကို ကိုင်တွယ်ဖြေ ရှင်းခြင်းမရှိသေးဟု ဘယ်လ်ဂျီယံအခြေစိုက် နိုင်ငံတကာပဋိပက္ခများလေ့လာ စောင့်ကြည့်ရေးအဖွဲ့ (ICG) က ဝေဖန်လိုက်သည်။

ICG အဖွဲ့၏ ဧပြီ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သော “မြန်မာ့တပ်မတော် စစ်တန်းလျားဆီကို ပြန်မှာလား (Myanmar’s Military: Back to the Barracks?) ဟု ခေါင်းစဉ်တပ်ထားသော စာမျက်နှာ ၂၀ ပါ အစီ ရင်ခံစာတွင် ထိုသို့ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။တပ်မတော်သည် မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲ ရေး လုပ်ငန်းစဉ်အား အဓိက ရပ်တန့်ခြင်းပျက်စီးခြင်းကို ဆောင်ရွက်နိုင်သော အဖွဲ့ဖြစ်သည်ဟု ယူဆမှု များ ရှိသော်လည်း အာဏာရှင်စနစ်မှ ဖယ်ခွာမှုကိုလည်း စစ်တပ်က စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အစီ ရင်ခံစာထဲတွင် ထောက်ပြထားသည်။

ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကြောင့် စစ်တပ်အနေဖြင့် အာဏာဆုံးရှုံးမှု၊ ပိုမိုစိစစ်ခံရမှု၊ စီးပွားရေးအရ ဆုံးရှုံးမှုများရှိသော်လည်း ယေဘုယျအားဖြင့် စစ်တပ်သည် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို အားပေးထောက်ခံသည့် အနေအထားရှိသည်ဟု ထောက်ပြထားသည်။

သို့သော် စစ်တပ်အနေဖြင့် အခြေခံ အကျိုးစီးပွားများကို ဆက်လက်ရယူထားလျက်ရှိပြီး ထိုကဲ့သို့ ရယူ ထားရာတွင် အခြေခံဥပဒေမှတစ်ဆင့် ရယူထားခြင်း လည်းပါဝင်ကြောင်းICG က သုံးသပ်သည်။မြန်မာ နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ အပေါ် စီးပွားရေးနှင့် နိုင်ငံရေးအရ မှီခိုခဲ့ခြင်းကြောင့် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှု တုံ့ပြန်နိုင်ရန်နှင့် စီးပွားရေးလမ်းပွင့်လာစေရန်၊ အနောက်နိုင်ငံများနှင့် ဆက်ဆံရေး တိုးတက်လာစေရန် လိုအပ်သည်ကို စစ်တပ်က သိမြင်လာခဲ့သည်ကိုလည်း အဆိုပါအဖွဲ့က ထောက်ပြထားသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို အပြည့်အ၀ ဖော်ဆောင်နိုင်ရန် အခြေခံဥပဒေတွင်ပါရှိ သော စစ်တပ်၏အခန်းကဏ္ဍကို လျှော့ချကာ၊ စစ်တပ်အား အရပ်ဘက်ကကွပ်ကဲထိန်းချုပ်မှုမြှင့်တင်ရေးကို စစ်တပ်က လက်ခံရန် လိုအပ်သည်ဟုICG က ဆိုသည်။

ထို့ပြင် စစ်တပ်အနေဖြင့် ဂုဏ်သိက္ခာကို ပြန်လည်ဖော်ထုတ်နိုင်ရန် မြန်မာနိုင်ငံ၏ လူမျိုး၊ ဘာသာကွဲပြားမှုကို ကာကွယ်စောင့်ရှောက်ပေးနိုင်မည့် အဖွဲ့အစည်း တစ်ခုအဖြစ် စစ်တပ်အား အသွင်ပြောင်းနိုင်ရန် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အဆုံးသပ်ရန်လိုအပ်သည်ဟု ထောက်ပြထားသည်။

No comments: