Saturday, April 12, 2014

Junction Center ကားပါကင်မှ ခိုးယူသွားသည့်ကား တစ်ရက်အကြာ ပြန်ဖမ်းမိ

ဇော်ဇော်ထွေး

လမ်းမတော်မြို့နယ် Junction Center ဒုတိယထပ်ကားပါကင်မှ ခိုးယူခံရသည့် ကားတစ်စီးကို ရွှေတိဂုံ ဘုရားလမ်း၊ အမျိုးသမီးစွမ်းဆောင်ရှင် အသင်းတိုက်နောက် ကားပါကင်တွင် ခိုးယူသွားသူနှင့်အတူ နေ့ တွင်းချင်း ဖမ်းဆီးမိသဖြင့် ရဲစခန်းက ဧပြီ ၈ ရက်က အမှုဖွင့်စစ်ဆေးလျက် ရှိသည်။

အမှုကို စမ်းချောင်းမြို့နယ်၊ စမ်းချောင်း မြောက်ရပ်ကွက်၊ ပန်းခြံလမ်းနေ ဦးအောင်ကိုကိုက အမှုဖွင့် တိုင် တန်းထားခြင်း ဖြစ်သည်။ ဧပြီ ၇ ရက် မွန်းလွဲ ၁ နာရီက တရားလိုသည် ၎င်းပိုင် Belta အမျိုးအစားခဲရောင် ယာဉ်အမှတ် ၁စ/၃၈၅၁ ယာဉ်ဖြင့် လမ်းမတော်မြို့နယ်ရှိ ဂျန်းရှင်းစင်တာသို့ ဈေးဝယ်သွားပြီး ယာဉ်အား ဒုတိယထပ်ရှိ ကားပါကင်တွင် ရပ်တန့်ခဲ့သည်ဟု ဆိုသည်။

ဈေးဝယ်နေစဉ် နာရီဝက်အကြာတွင် ဘောင်းဘီအိတ်အတွင်း ထည့်ထားသည့် ကားသော့မှာ အိတ်ပေါက်၍ ထွက်ကျသွားပြီး ကားမှာလည်း ပျောက်ဆုံးနေသဖြင့် အမှုဖွင့်တိုင်တန်းလိုက်ခြင်း ဖြစ်သည်။ ယင်း တိုင် တန်းမှုကို လမ်းမတော်မြို့နယ် ရဲစခန်းက (ပ) ၆၉/၂၀၁၄ ဖြင့် ဧပြီ ၈ ရက် ညနေတွင် အမှုဖွင့်ပြီးနောက် ဒု- ရဲမှူး ထက်ထက်အောင်နှင့်အဖွဲ့က လိုက်လံစုံစမ်းခဲ့သည်ဟု ဆိုသည်။

ထို့နောက် ညနေ ၅ နာရီအချိန်တွင် ပျောက်ဆုံးသွားသည့် ကားကို ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ ရွှေတိဂုံဘုရားလမ်း အမှတ် ၂၈၈/၂၉၀ အမျိုးသမီးစွမ်းဆောင်ရှင်အသင်းတိုက်၏အောက် ကားပါကင်တွင်ပြန် လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ကားအား ခိုးယူခဲ့သည်ဟု ယူဆရသူ လမ်းမတော်မြို့နယ်၊ ဘုန်းကြီးလမ်းနေ ထင်လင်းထက်(၃၅)နှစ်ကိုလည်း သက်သေခံကားနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ထို့ကြောင့် ၎င်းကို ကားခိုးယူမှု ကျူးလွန်ခဲ့ခြင်း ရှိမရှိ ဖမ်းဆီးစစ်ဆေးနေပြီး ပြစ်မှုထင်ရှားပါက ပြစ်မှုပုဒ်မ ၃၇၉(ကား) ဖြင့် တရားစွဲတင်သွားမည်ဟု ဆိုထားသည်။

No comments: