Friday, April 4, 2014

ကုလ အထူးကိုယ်စားလှယ်နှင့် KIO ဥက္ကဌတို့ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေး

ဖနိဒါ

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဘီဂျေး နမ်ဘီယားနှင့် KIO ဥက္ကဌ ဦးလရောက်ဇော်ဟရား အပါအဝင် ဗဟိုကော်မတီတို့ မေလ ၂ ရက်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာများ အဓိက ဆွေးနွေးခဲ့ကြသည်ဟု KIO ၏ အရပ်ဘက်အရာရှိ ဦးဒွဲပီဆာက မဇ္ဈိမကိုပြောသည်။

“သူ့အနေနဲ့ တိုးတက်မှု အခြေအနေ ဘယ်လိုရှိလဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျနော်တို့ဘက်က လိုအပ်ချက်တွေကို လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်အောင်ဆိုတာ ဖြစ်တယ်လို့ ပြောတယ်။ ကျနော်တို့ဘက်က တခြားတိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ NCCT ကနေ လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ အစိုးရဘက်က ကျနော်တို့ကို နိုင်ငံရေး ဆွေးနွေးဖို့နဲ့ နိုင်ငံရေး အဖွဲ့အစည်းလို့ အသိအမှတ် မပြုဘူး။ ဒါကြောင့် မတူတော့ တိုးတက်အောင်မြင်မှုမှာ နှောင့်နှေးနေတယ်ဆိုတာတွေ ပြောကြတယ်”ဟု ဦးဒွဲပီဆားက ပြောသည်။

မစ္စတာ နမ်ဘီယားနှင့် KIO တို့ ၂၀၁၃ခု ဩဂုတ်လကုန်ပိုင်းက ပထမအကြိမ်တွေ့ဆုံထားပြီး ယခုတွေ့ဆုံမှုမှာ ဒုတိယအကြိမ်ဖြစ်သည်။ ယခုကဲ့သို့ ထပ်မံတွေ့ဆုံခြင်းမှာ နိုင်ငံရေးအရ တိုးတက်မှုရှိသည်ဟုလည်း ဦးဒွဲပီဆားက ဆိုသည်။

“၂၀၁၂ ခုနှစ်မှာ လိုင်ဇာ ဒုက္ခသည်တွေကို အကူအညီတွေ ပိတ်ထားတယ်။ ကုလမဂ္ဂဝင်လာတဲ့နောက်ပိုင်းကနေ အကူအညီတွေ ရလာတယ်။ မနေ့ကလည်း NGO တွေ ဆက်တိုက် ရောက်လာတယ်ဆိုတော့ ကျနော်တို့ ဒုက္ခသည်တွေဘက်က အကျိုးရှိတာက တိုးတက်မှု ဖြစ်တယ်။ နောက်ပြီး ကေအိုင်အိုအဖွဲ့ကို ကုလသမဂ္ဂကနေ လာတွေ့တယ်ဆိုတာကလည်း ကျနော်တို့အတွက် တိုးတက်မှုတခုဖြစ်တယ်လို့ သုံးသပ်ရတယ်”ဟု ၎င်းက ရှင်း ပြသည်။

မစ္စတာ နမ်ဘီယားသည် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် ကုလသမဂ္ဂမှ လေ့လာသူ ကိုယ်စားလှယ် အနေဖြင့် တက်ရောက်နေသူလည်း ဖြစ်သည်။

No comments: