Wednesday, April 23, 2014

NLD နှင့် တိုးမြှင့်ဆက်ဆံလာခြင်းသည် တရုတ်၏ ၂၀၁၅ အလွန် ရင်းနှီးမြှုပ်နှံမှုနှင့် သြဇာသက်ရောက်မှု မဟာဗျူဟာ တစ်စိတ်တစ်ပိုင်းဟုဆို

မင်းမင်း

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအပြီး တရုတ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအ၀င် ပြည် တွင်း နိုင်ငံရေးအင်အားစုများနှင့် ဆက်ဆံရေး တိုးမြှင့်လာခြင်းသည် ၂၀၁၅အလွန် ရင်းနှီးမြှပ်နှံမှုနှင့် သြဇာ သက်ရောက်မှု အလားအလာဆိုင်ရာ မဟာဗျူဟာမြောက် ကြိုးပမ်းခြင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဟု နိုင်ငံရေးနှင့် စီးပွားရေးပညာရှင်အချို့ က သုံးသပ်ပြောဆိုလိုက်သည်။

“မြန်မာ-အမေရိကန်ဆက်ဆံရေးကို ချိန်ဆပြီး မဟာဗျူဟာချ လုပ်လာတယ်၊ ၂၀၁၅ အလွန် ရင်းနှီးမြှုပ်နှံမှု အလားအလာ တစ်ခုတည်း အတွက်တော့ မဟုတ်ဘူး” ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုး သိမ်းက မဇ္ဈိမကို ပြောကြားသည်။

စစ်အစိုးရခေတ် ကာလတစ်လျှောက်နှင့် ၂၀၁၂ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲ မပြီးမီ ပြည်ခိုင်ဖြိုးပါတီနှင့် သာ အဓိက ဆက်ဆံလေ့ရှိသည့် တရုတ်နိုင်ငံသည် ယခုမူ NLD အပါအ၀င် အခြားနိုင်ငံရေး အင်အားစု များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ ပြည်သူများနှင့် ထိတွေ့ဆက်ဆံရန် တိုးမြှင့်လာနေပြီဟု ၎င်းက သုံးသပ်သည်။

ယနေ့တွင် တရုတ်ကွန်မြူနစ်ပါတီ၏ဖိတ်ကြားမှုဖြင့် NLD ထိပ်တန်းခေါင်းဆောင် ၁၂ ဦး ပါဝင်သော ကိုယ်စားလှယ် အဖွဲ့သည် လေ့လာရေး ထွက်ခွာသွားပြီ ဖြစ်သည်။

ယခုခရီးစဉ်မတိုင်မီ တရုတ်ကွန်မြူနစ်ပါတီက တစ်ကြိမ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနက တစ်ကြိမ် NLD ထိပ်ပိုင်း ခေါင်းဆောင်များ သွားရောက်ခဲ့ပြီး ဖြစ်သည်။ တရုတ်တို့သည် လာမည့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေး ကောက်ပွဲအပြီး အာဏာရပါတီ ဖြစ်လာနိုင်သည့် NLD နှင့် နီးကပ်သော ဆက်ဆံရေးထူထောင်ရေး အပူ တပြင်း ကြိုးပမ်းနေသည်ဟု သုံးသပ်သူအချို့ ရှိသော်လည်း ဒေါက်တာရန်မျိုးသိမ်းကမူ “အာဏာရပါတီ ဖြစ်လာမှာမို့လို့ တရုတ်ကွန်မြူနစ်ပါတီက ဒီလိုဆက်ဆံတယ်လို့တော့ တထစ်ချပြောဖို့ ခက်တယ်လို့ ထင် တယ်” ဟု ဒေါက်တာရန်မျိုးသိမ်းက ပြောသည်။

စီးပွားရေးပညာရှင် ဦးကျော်ဝင်းကမူNLD သည် အာဏာရပါတီဖြစ်လာနိုင်၍ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများ မထိခိုက်စေရန် ပိုမိုထိတွေ့ ဆက်ဆံလာသည်ဟု သုံးသပ်သည်။ “ပြည်သူပြည်သားတွေက သူတို့ကို Black List ထားတဲ့ဟာကို ပြင်ရတော့မှာကိုး။ အင်အားကြီးတဲ့၊ သြဇာတိက္က မရှိတဲ့သူတွေကို သူတို့ဆက် ဆံရတော့မယ်လေ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများဖြစ်သည့် လက်ပံတောင်းကြေးနီစီမံကိန်း နှင့် မြစ်ဆုံစီမံကိန်းတို့သည် မြန်မာပြည်သူတို့ ဆန့်ကျင်မှုများ၏ သက်သေအဖြစ် ထင်ရှားစွာ ရှိနှင့်ပြီး ဖြစ်သည်။

လက်ပံတောင်းစီမံကိန်းဆိုလျှင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ၀င်ရောက်ဖြေရှင်းပေးမှုဖြင့် ဆက် လက်ရင်းနှီးမြှုပ်နှံခွင့်ရခဲ့သည့် အခြေအနေလည်း ရှိခဲ့သည်။ ယင်းသို့သော အခြေအနေတို့ကြောင့် NLDနှင့် တိုး၍ ဆက်ဆံလာသည်ဟု သုံးသပ်မှုများ ရှိနေခြင်း ဖြစ်သည်။

ယခုနှစ်ဆန်းပိုင်းကပင် တရုတ်နိုင်ငံတကာ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးအဖွဲ့ကြီး CAIFC ၏ ဖိတ်ခေါ် မှုဖြင့် သွားရောက်ခဲ့သည့် NLD ကိုယ်စားလှယ်အဖွဲ့မှတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်ကို လာရောက် လည်ပတ်ရန် ဖိတ်ခေါ်ခဲ့သေးသည်။ ထိုသို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်ရန် တရုတ်တို့ ဖိတ်ခေါ် ထားသည်ဟု သတင်းများ မကြာခဏ ထွက်ပေါ်လေ့ ရှိသော်လည်း ယနေ့တိုင် မြင်တွေ့ရခြင်း မရှိသေး ပေ။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအစောပိုင်း၌လည်း တရုတ် ဒုတိယနိုင်ငံခြားဝန်ကြီး Ai Ting သည် NLD နာယက ဦးတင်ဦးနှင့် ရန်ကုန်မြို့၌ တွေ့ဆုံ ဆွေးနွေးခဲ့သေးသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကမူ ဒေါ်အောင်ဆန်းစုကြည်မပါဝင်သေးသည့် တရုတ် ခရီးစဉ်များသည် တရုတ်-မြန်မာဆက်ဆံရေး၏ အဓိကပြဿနာများ ဆွေးနွေးရန်ပင် ခရီးရောက်နိုင်ခြင်း မရှိဟု သုံးသပ်သည်။

No comments: