Narinjara News
၂၀၀၉ ခုနှစ် ဇန္န၀ါရီလ ၄ ရက်နေ့သည် ၆၁ နှစ်မြှောက် မြန်မာ့ လွတ်လပ်ရေးနေ့ ဖြစ်သည်။ မြန်နိုင်ငံ လွတ်လပ်ရေးနှင့် ပတ်သက်သော အခမ်းအနားများကို ပြည်တွင်းတွင် သော်လည်းကောင်း၊ ပြည်ပတွင်သော်လည်းကောင်း ရခိုင်အမျိုးသား တစုံတဦးကမျှ အသိအမှတ်ပြု ကျင်းပခဲ့သည်ကို မတွေ့ရပေ။ သို့အတွက် နီးစပ်ရာ ရခိုင်အမျိုးသား ခေါင်းဆောင်များအား မြန်မာ လွတ်လပ်ရေးနှင့် ပတ်သက်ပြီး သူတို့ အမြင် သူတို့ သဘောထားကို မေးမြန်းရာ ----
(၁) ရခိုင်ပြည် အမျိုးသားကောင်စီ အတွင်းရေးမှူး ဦးမောင်မောင်က
မြန်မာ့လွတ်လပ်ရေးဟာ ၁၉၄၈ ခုနှစ်မှာ ဗြိတိသျှ ဆီက မြန်မာပြည် လွတ်လပ်ရေး ရရှိခဲ့ပါတယ်။ ဒီလွတ်လပ်ရေး ရတဲ့နေရာမှာ ယနေ့ ထိ မြန်မာ့ လွတ်လပ်ရေး အရသာကို ပြည်သူလူထု တွေပေါ့နော် အထူသဖြင့် ဗမာလူထုတွေ အပါအ၀င်တိုင်းရင်းသား ပြည်သူလူထု အားလုံးက တစုံတရာ မခံစားရသေးသလို တစုံတရာမျှလည်း အကျိုး မရှိဘူး။ ခုအခါမှာ အကျိုး မရှိတဲ့ အပြင် စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မူတွေကို ခံနေကြရတယ်၊။ စစ်အာဏာရှင်တွေကလည်း စစ်အာဏာရှင်စနစ် တည်မြဲအောင် လုပ်ထားပြီး စစ်အုပ်စုအတွက်သာ လွတ်လပ်ရေးကို အကျိုးရှိနေအောင် လုပ်နေတာကို တွေ့ရတယ်။ ဒါကြောင့် ယနေ့ အဖို့  ရရှိထားတဲ့ မြန်မာပြည် လွတ်လပ်ရေးဟာ မြန်မာပြည် သူတွေရဲ့ လွတ်လပ်ရေး ဖြစ်ပေမယ့်လည်း မြန်မာပြည်သူ လူထု အတွက် မဟုတ်ဘဲ ဗမာပြည်ကို အုပ်ချုပ်နေတဲ့ အုပ်ချုပ်သူ လူတန်းစား တစု အတွက်သာ ဖြစ်နေပါတယ်။
ဒါကြောင့် တိုင်းရင်းသား ပြည်သူ ပေါင်းစုံအနေနဲ့ ယနေ့ လွတ်လပ်ရေး မရှိဘူး လွတ်လပ်ရေးကို အရ ယူမယ်ဆိုရင်တော့ ဗမာ တိုင်းရင်းသားတွေ အပါအ၀င် တိုင်းရင်းသား လူမျိုးပေါင်းစုံ ညီညွတ်မှု ပြုလုပ်နိုင်ဖို့ လိုအပ်တယ်။ ဒီနေ့  ဗမာက တစ်မျိုး၊ ချင်းတစ်မျိုး၊ ကရင်တဖုံ ကွဲပြားနေမယ်ဆိုရင် စစ်အုပ်စုအတွက် အရေးသာ အခွင့်သာမှု အနေအထားမှာ ရှိပြီးတော့  တိုင်းရင်းသားများနဲ့ ပြည်သူလူထုအတွက် အခွင့်မသာသည့် အနေအထားမှာ ဖြစ်နေပါတယ်။ ဒါကြောင့် တိုင်းရင်းပေါင်းစုံ စည်းလုံးညီညွတ်ရေး ရှိဖို့ အလွန် အရေးကြီး ပါတယ်။
(၂) ရခိုင်ပြည် အမျိုးသာ ညီညွတ်ရေး ပါတီမှ အထွေအထွေ အတွင်းရေးမှူး ခိုင်ပန်းအောင်ကို ဆက်လက် မေးမြန်းရာသူက -------
မြန်မာ လွတ်လပ်ရေးရတာကို တိုတိုနဲ့ ပြောရမယ့်ဆိုရင် ဖဆပလအဖွဲ့ ချုပ်ကို ပြည်သူ တရပ်လုံးက ထောက်ခံလိုက်ပြီး တိုင်းရင်းသားတွေ အပါအ၀င် ပြည်သူတရပ်လုံးက ပူးပေါင်းလိုက်တဲ့အတွက် ဖဆပလ အဖွဲ့ချုပ်အနေနဲ့ နယ်ချဲ့ ဗြိတိသျှ လက်အောက်က လွတ်လပ်ရေး ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဖဆပလအဖွဲ့ ချုပ်ဟာ တိုင်းပြည်တိုးတက်ရေး အတွက် တဖက်မှ ကြိုးစားနေသလို တိုင်းရင်းသားတွေအတွက် အခွင့်အရေး ရရှိဖို့ ပြင်ဆင်နေတဲ့ အချိန်မှာ တိုင်းရင်းသားတွေကို ဗမာနဲ့ တန်းတူ မထားလိုတဲ့ ဗမာစစ်တပ်က ၁၉၆၂ ခု မတ်လ ၂ ရက်နေ့မှာ တိုင်းပြည်အာဏာကို သိမ်းယူသွားခဲ့ပါတယ်။ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ပြည်သူတရပ်လုံး၊ တိုင်းရင်းသားလူမျိုး ပေါင်းစုံ တရပ်လုံး လွတ်လပ်ရေး မရလိုက်ဘဲ လွတ်လပ်ရေးကို ယနေ့ တိုင် ဆုံးရှုံး ခံနေကြရပါတယ်။
စစ်အာဏာရှင်တွေကြောင့် ဒီကနေ့ ပြည်သူလူတု တရပ်လုံး ပိုင်ဆိုင်တဲ့ လွတ်လပ်ရေးဟာ စစ်အာဏာရှင် တစုဆီကိုသာ ရောက်ရှိသွားခဲ့တယ်။ ဒီတော့ ပြည်သူ တရပ်လုံးက ၀ိုင်းဝန်းပြီးတော့ စစ်အာဏာရှင်ကိုတိုက်ခိုက်ဖို့ လိုပါတယ်။ ဆုံးရှုံးသွားတဲ့ လွတ်လပ်ရေးကို ပြန်ယူမယ်ဆိုရင် အင်္ဂလိပ်ကို ကျွန်တော်တို့ တိုက်ခိုက်ခဲ့သလိုမျိုး ပြည်သူ တရပ်လုံး စုပေါင်းပြီး ပြန်လည် တိုက်ခိုက်ရမယ်လို့  ကျွန်တော် ပြောချင်ပါတယ်။
(၃) ရခိုင်အမျိုးသမီး အစည်းအရုံး ဥက္ကဌ စောမြရာဇာလင်းကို ဆက်လက် မေးကြည့်ရာ သူမက-------
အကျွန်အနေနဲ့ မြင်တာကတော့ လွတ်လပ်ရေးနေ့ ဆိုပေမဲ့လည်း ရခိုင် အပါအ၀င် ကချင်၊ ကရင်၊ ကယား၊ ချင်း၊ ရှမ်း၊ မွန် စတဲ့တိုင်းရင်းသားတွေအတွက် ဘာမှအဓိပ္ပါယ်မရှိဘူးလို့ ကျွန်မပြောချင်ပါတယ်။
ဗြိတိသျှ လက်အောက်က လွတ်လပ်ရေးရရှိဖို့အတွက် ကြိုးစားတဲ့အခါမှာတော့ ရခိုင်အပါအ၀င် အားလုံးသော တိုင်းရင်းသားတွေဟာ ထိုလူမျိုးတွေနဲ့ သက်ဆိုင်တဲ့ အနှစ်သာရ ပြည့်ဝတဲ့ လွတ်လပ်ရေးကို မျှော်လင့်ခဲ့ပြီး ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။ ၁၉၄၈ ခု ဗြိတိသျှလက်အောက်က မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိလာပြီးတဲ့ နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံကို သေနတ်ပြ အုပ်ချုပ်နေတဲ့ စစ်အာဏာရှင် တစုက အကျိုးခံစားဖို့အတွက်သာ အဲဒီ လွတ်လပ်ရေးနေ့ဟာ ရရှိသွားတာ ဖြစ်တယ်လို့ အကျွန်အနေနဲ့ သုံးသပ်ပါတယ်။ အဲဒီအတွက် အကျွန်ပြောချင်တာက လွတ်လပ်ရေးနေ့ဟာ အထူးသဖြင့် ပြောရမယ်ဆိုရင် ရခိုင်လူမျိုးများအတွက် ပိုပြီးတော့မှ အနှစ်သာရမဲ့နေတယ်လို့ အကျွန်အနေနဲ့ ပြောချင်ပါတယ်။
အဲဒီအတွက် အကျွန်အနေနဲ့ အားလုံးသောတိုင်းရင်းသားတွေကို ပြောချင်တာက အဓိပ္ပါယ်ရှိတဲ့ လွတ်လပ်ရေးကို ရယူဖို့ရန်အတွက် အထူးလှုပ်ရှားမှုတခုကို အားလုံးစုပေါင်းပြီးတော့ မဖြစ်မနေ အကောင်အထည်ဖေါ်သင့်တယ်လို့ အကျွန်အနေနဲ့ ပြောချင်ပါတယ်။
(၄) ရခိုင်ပြည် လွတ်လပ်ရေး အင်အားစုမှ အထွေထွေ အတွင်းရေးမှူး ခိုင်ပေါ်လင်းအား ဆက်လက်မေးမြန်းရာ သူက -----
ဒီကနေ့ မြန်မာနိုင်ငံမှာ ပြုလုပ်ကျင်းပနေတဲ့ ၆၁ ခုနှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားနဲ့ ပတ်သတ်ပြီးတော့ ကျွန်တော်တို့ ရခိုင်ပြည် လွတ်လပ်ရေး အင်အားစုရဲ့ သဘောထား အမြင်ကို ပြောရမယ်ဆိုရင် ကျွန်တော်တို့တွေဟာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိဖို့ အတွက်မြန်မာနိုင်ငံတရပ်လုံးမှာ ရှိနေကြတဲ့ တိုင်းရင်းသားလုပ်သားပြည်သူ အပေါင်းတို့ အသက်သွေးချွေးများကို ပေးအပ်ပြီး ဖက်ဆစ်တွေကိုရော နယ်ချဲ့ ဗြိတိသျှကိုရော တိုက်ပွဲဝင်ခဲ့ကြပါတယ်။ အခုလို တိုင်းရင်းသားများ အစုံလင် ဗမာအပါအ၀င် ပြည်သူတရပ်လုံးတို့၏ အသက်သွေးချွေးတွေနဲ့ ရင်းနှီးပြီးတော့ ရရှိလာတဲ့ လွတ်လပ်ရေး၏ အဆီအနှစ် အရသာတွေကို ဗမာစစ်အာဏာရှင် လူတစုကသာ ခံစားနေရပြီးတော့ ကျန်တိုင်းရင်းသား လုပ်သားပြည်သူများ အနေနဲ့ တချပ်တပြားမှ လွတ်လပ်ရေး၏ အနှစ်သာရကို ဒီနေ့ထိ ခံစားပိုင်ခွင့် မရရှိပါ။ အဲဒီအတွက် ဒီကနေ့ လွတ်လပ်ရေးနေ့ကို နအဖ စစ်အာဏာရှင်တွေက ပြုလုပ်ကျင်းပ နေပေမဲ့လည်း ကျွန်တော်တို့ ရခိုင်သားတွေ အပါအ၀င် မြန်မာပြည်သူ တရပ်လုံး အတွက် ဘာမှ အကျိုးမရှိဘူး၊ ဒီနေ့ထိ ဗမာစစ်အာဏာရှင် လူတစုတို့၏ ခြယ်လှယ်မှုအောက်မှာ တိုင်းရင်းသား ပြည်သူတရပ်လုံးခံစားနေကြရပြီး သူတို့ရဲ့ လက်ဝါးကြီး အုပ်ပြီး ဖိနှိပ်ချုပ်အုပ်နေမူကို ခံစားနေကြရပါတယ်၊ ဗမာ စစ်အုပ်ဟာ တိုင်းရင်းသားတွေကို သာမက ဗမာလူမျိုးတွေကိုပါ ခြယ်လှယ်သွေးစုပ်နေတာတွေကို ၂၀၀၇- ရွှေဝါရောင် အရေးအခင်းကိုသော်လည်းကောင်း၊ ၈၈၈၈ အရေးအခင်းကိုသော်လည်းကောင်း၊ ကျောင်းသားလူထု အရေးအခင်း တွေကိုသော်လည်းကောင်း ပြန်လည်တွေးကြည့်ရင် သဘောပေါက်ပါလိမ့်မယ်။ ခု စစ်ဗိုလ်အာဏာရှင်တစု ကျင်းပနေတဲ့ လွတ်လပ်ရေးနေ့ဟာ အတုအယောင် လွတ်လပ်ရေးနေ့သာ ဖြစ်ပါတယ်၊ ပြည်သူတရပ်လုံးကို သော်လည်းကောင်း၊ တိုင်းရင်းသား တရပ်လုံးကို သော်လည်းကောင်း၊ ကိုယ်စားပြုတဲ့ လွတ်လပ်ရေးနေ့ မဟုတ်ဘူး၊ သို့အတွက်ကြောင်း ကျွန်တော်တို့ဟာ လက်ရှိပြုလုပ် ကျင်းပနေတဲ့ စစ်အာဏာရှင် တစု၏ လွတ်လပ်ရေးနေ့ကို ကျွန်တော်တို့ IFA အနေဖြင့် လုံးဝ လက်မခံနိုင်ပါ၊ လုံးဝ (လုံးဝ) ကန့်ကွက် ဆန့်ကျင် ပါတယ်၊ ကျွန်တော်တို့ ရခိုင်ပြည်သူ တရပ်လုံးဟာ ၁၁၄၆ ခုနှစ်ကတည်းက ဗမာဘုရင်ရဲ့ မတရားကျူးကျော် သိမ်းပိုက်ပြီးတဲ့ နောက်ပိုင်းမှာ ကျွန်သဘောက်ဘ၀နဲ့ နေထိုင်လာခဲ့ရတာ နှစ်ပေါင်း ၂၀၀ ကျော် ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ သို့သော်လည်း ဒီနေ့ မြန်မာနိုင်ငံထဲမှာ နေထိုင်နေကြတဲ့ တိုင်းရင်းသားအားလုံးနဲ့ အတူ အေးအတူ ပူအမျှ အခွင့်အရေး တန်းတူ ရရှိမယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ အတူတကွ နေထိုင်သွားနိုင်စရာ အကြောင်း ရှိပါတယ်။ ခုလို မဟုတ်ဘဲ ကျွန်တော်တို့ လူမျိုးတွေကို ဆက်လက်ပြီး စစ်အာဏာရှင်တွေက ဆက်လက် ကျွန်ပြု အုပ်ချုပ်နေမယ်ဆိုရင် ကျွန်တော်တို့က ရနိုင်တဲ့ နည်းလမ်းတွေကို အသုံးပြုပြီး တိုက်ခိုက်သွားရပါလိမ့်မယ်။ ယခုရရှိထားတဲ့ မြန်မာ လွတ်လပ်ရေးဟာ ဗမာ တခုတည်းက တိုက်ပွဲဝင်ပြီး ရယူထားတဲ့ လွတ်လပ်ရေး မဟုတ်ဘူး။ ကျွန်တော်တို့ ရခိုင်တွေရဲ့ အသက်သွေးချွေးများစွာကိုလည်း ပေးဆပ် တိုက်ပွဲဝင် ရယူထားတဲ့ အတွက် ဗမာ စစ်အာဏာရှင် လူတစု၏ ခြယ်လှယ်ထားတဲ့ လွတ်လပ်ရေးကို အတုအယောင် လွတ်လပ်ရေးလို့သာ မြင်ပါတယ်။ ဒီလွတ်လပ်ရေးကို ကျွန်တော်တို့ အသိအမှတ် မပြုဘူး။ ဒီနေ့ မြန်မာနိုင်ငံလွတ်လပ်ရေးကို ကျွန်တော်တို့ IFA အနေဖြင့် လုံးဝ ကန့်ကွက်ဆန့်ကျင် ပါတယ်။
(၅) ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံးမှ တွဲဘက် အတွင်းရေးမှူး ကိုကျော်မြင့်ကို ဆက်လက် မေးမြန်းရာ
မြန်မာ့လွတ်လပ်ရေးဆိုတာ တိုင်းရင်းသားလူမျိုးတွေအတွက် မဟုတ်ပဲ စစ်အုပ်စု အတွက်သာ ဖြစ်တယ်လို့ ကျွန်တော်အနေနဲ့ သုံးသပ်ပါတယ်။ မြန်မာ့လွတ်လပ်ရေး ရတဲ့ အချိန်က စတင်ပြီးတော့ တိုင်းရင်းသားတွေ အနေနဲ့ လွတ်လပ်ရေး၏ အရသာကို ဒီနေ့အထိ အပြည့်အ၀ မခံစားရသေးဘူးလို့ သုံးသပ်ပါတယ်။ တိုင်းရင်းသား ခေါင်းဆောင်တွေ အနေနဲ့ တန်းတူရေးကို အခြေခံတဲ့ ပင်လုံစာချုပ်ကို ချုပ်ဆိုပြီး ဗမာခေါင်းဆောင်တွေနဲ့ ပူးပေါင်းပြီးတော့ လွတ်လပ်ရေးကို ယူခဲ့ကြပါတယ်။ လွတ်လပ်ရေးရရှိပြီး သိပ်မကြာခင်ပဲ ဗမာခေါင်းဆောင်တွေ ဆီမှာ ပင်လုံစာချုပ်ဟာ သစ္စာဖေါက်ခြင်းကို ခံလိုက်ရပါတယ်။
အခုအချိန်ထိ ဗမာစစ်အုပ်စုက မြန်မာနိုင်ငံကို အာဏာတခုတည်းကို ချုပ်ကိုင်ပြီးတော့ တခြားတိုင်းရင်းသားတွေကို နှိပ်ကွပ် ဖိနှိပ် အုပ်ချုပ် နေတာတွေကို ကျွန်တော်တို့ တွေ့နေရပါတယ်။ တခြားတိုင်းရင်းသား ဒေသတွေမှာ ဗမာ စစ်တပ်က လူ့အခွင့်အရေး ချိုးဖေါက်မှု အမျိုးမျိုးကျူးလွန် နေတာတွေကို ကျွန်တော်တို့ တွေ့နေကြရပါတယ်။ ဒီလွတ်လပ်ရေးဟာ တခြားတိုင်းရင်းသားများအတွက် မဟုတ်ပဲ ဗမာတိုင်းရင်းသားတွေအတွက်သာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။
No comments:
Post a Comment