Tuesday, April 21, 2009

အိုဘားမားက နေပြည်တော်နဲ့ လက်ဆွဲနှုတ်ဆက်မလား

ဧရာဝတီ Tuesday, 21 April 2009

အမေရိကန် သမ္မတ အိုဘားမား သည် သမ္မတဟောင်း ဂျော့ဘုရှ်က အာဏာရှင်များ၊ မကောင်း ဆိုးဝါးများ အဖြစ် ကျယ်ကျယ် လောင်လောင် ရှုတ်ချခဲ့သော အစိုးရ များကို ငြိမ်းချမ်းရေး ကမ်းလှမ်းလျက် ရှိသည်။

အိုဘားမားက ဗင်နီဇွဲလား သမ္မတ ဟူဂို ချာဗစ်နှင့် ဆက်ဆံရေး ပုံစံ ပြောင်းမည်ဟု ပြီးခဲ့သည့် အပတ်က ကျင်းပခဲ့သည့် အမေရိကတိုက် နိုင်ငံများ ထိပ်သီး ညီလာခံတွင် ပြောလိုက်သည်။ သမ္မတ ဟူဂို ချာဗစ် ကလည်း အိုဘားမားကို “ခင်ဗျားနဲ့ မိတ်ဆွေ ဖြစ်ချင်ပါတယ်ဗျာ” ဟု ပြန်လည် တုံ့ပြန်ခဲ့သည်။ သမ္မတ ဟူဂို ချာဗစ်သည် အမေရိကန် ပြည်ထောင်စုကို အများဆုံး ဝေဖန် တိုက်ခိုက်လေ့ရှိသူ တောင်အမေရိကတိုက်မှ ခေါင်းဆောင်တဦး ဖြစ်သည်။

ကျူးဘားနိုင်ငံနှင့် ပတ်သက်၍လည်း ဆက်ဆံရေးပုံစံသစ် ပြုလုပ်မည်ဟု ညီလာခံတွင် ပြောကြားလိုက်သည်။

ဇန်နဝါရီလမှ စတင်၍ အိုဘားမားသည် ဂျော့ဘုရှ် ကိုင်စွဲခဲ့သည့် နိုင်ငံခြားရေး မူဝါဒများကို ပြောင်းလဲလိုက်သည်။ အီရန်၊ မြောက်ကိုရီး ယား၊ မြန်မာ ကဲ့သို့သော နိုင်ငံများကို ချဉ်းကပ်မှု အသစ်ဖြင့် ဆက်ဆံမည်၊ မူဝါဒဟောင်းများကို ပြန်လည် သုံးသပ်မည်ဟု ဆိုသည်။


အိုဘားမားက မူဝါဒများ ပြောင်းလဲလိုက်သော်လည်း ကြီးမားသည့် အခက်အခဲ တချို့နှင့် ရင်ဆိုင် နေရသည် ဟု အကဲခတ်များက ဆိုသည်။ အခက်အခဲများကလည်း သိသိသာသာ ပေါ်ပေါက်လာသည်။ မကြာသေးခင်က ကုလသမဂ္ဂ တားမြစ်ချက်များကို ချိုးဖောက်ပြီး မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးပျံ စမ်းသပ် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ အီရန်နိုင်ငံကလည်း အမေရိကန် စာနယ်ဇင်းသမား တဦးကို သူလျှိုလုပ်သည် ဟု စွပ်စွဲပြီး ထောင် ၈ နှစ် ချလိုက်သည်။

ဘီလာရုစ်၊ ကျူးဘား၊ အီရန်၊ မြောက်ကိုရီးယား၊ ဇင်ဘာဘွေ တို့ကဲ့သို့ မင်းဆိုး မင်းညစ်များ အုပ်ချုပ်သည်ဟု သမ္မတဟောင်းဘုရှ်က သတ်မှတ်ခဲ့သော မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး မူဝါဒများ မည်မျှ အပြောင်းအလဲ ပြုလုပ်မည်ကို မေးခွန်း ထုတ်စရာ ဖြစ်လာသည်။ မြန်မာ ဗိုလ်ချုပ်ကြီးများက တခြားသော အာဏာရှင်များ ကဲ့သို့ ညှိနှိုင်းရ ခက်ခဲမည်လော ဟုလည်း မေးစရာ ဖြစ်လာသည်။

အိုဘားမား သမ္မတအဖြစ် ကျန်းသစ္စာ ကျိန်ဆိုပွဲ မပြုလုပ်မီကပင် အိုဘားမား၏ ဒီမိုကရက်တစ် ပါတီမှ ကိုယ်စားလှယ် ၃ ဦးက ဗိုလ်ချုပ်ကြီးများ၊ ပညာရှင်များ နှင့် တွေ့ဆုံရန် မြန်မာပြည်သို့ သွားရောက်ခဲ့သည်ဟု သိရသည်။

ထိုခရီးစဉ်က အမေရိကန် ပြည်ထောင်စု၏ မူဝါဒ အထူးသဖြင့် စီးပွားရေး ပိတ်ဆို့မှုနှင့် ပတ်သက်ပြီး လေ့လာရန် ရည်ရွယ်သည်။

ဖေဖော်ဝါရီလတွင် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က မြန်မာပြည်နှင့် ပတ်သက်သည့် အမေရိကန် ၏ မူဝါဒကို ပြန်လည် သုံးသပ်မည်ဟု ပြောကြားခဲ့သည်။ မြန်မာပြည်တွင် အပြောင်း အလဲများ ဖြစ်ပေါ်လာရေး အတွက် စီးပွားရေး ပိတ်ဆို့မှု သာမက စေ့စပ် ညှိနှိုင်းမှုကလည်း အလုပ် မဖြစ်ဟု သူက ဆိုသည်။

“အိုဘားမားနဲ့ ဟီလာရီ ကလင်တန်က မြန်မာ့အရေးနဲ့ ပတ်သက်ပြီး မူဝါဒ အပြောင်းအလဲ လုပ်ချင်ကြတယ်။ လုပ်ချင်ပေမယ့် ခုချိန်အထိတော့ ဘာကိုမှ သေသေ ချာချာ မဆုံးဖြတ်ဖြစ်သေးပါဘူး” ဟု ဝါရှင်တန်မှ အမည် မဖော်လိုသူ နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတဦးက ပြောသည်။

“နိုင်ငံခြားရေး ဌာနမှာ အများစုကတော့ မြန်မာ့ အရေးကို ဝင်ပြီး ဖြေရှင်းပေးဖို့ မလွယ်ဘူးလို့ ထင်ကြတယ်။ အထူးသဖြင့် နာဂစ်မုန်တိုင်း အပြီးမှာပေါ့၊ လွယ်မှာ မဟုတ်ဘူးလို့ ယူဆထားကြတယ်” ဟု သူက ဆိုသည်။

ယခင်လက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အရှေ့တောင် အာရှ ရေးရာ ဌာန ညွှန်ကြား ရေးမှူး မစ္စတာ စတီဖင် ဘလိတ် သည် နေပြည်တော်သို့ သွားရောက်ခဲ့သည်။ ပြီးခဲ့သည့် နှစ်များအတွင်း မြန်မာပြည်သို့ သွားခဲ့သည့် အမေရိကန် အစိုးရ ကိုယ်စားလှယ်များ အနက် အဆင့်အမြင့်ဆုံး အရာရှိ ဖြစ်သည်။

စတီဖင် ဘလိတ် သည် နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းနှင့် တွေ့ခဲ့ပြီး “နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရေးနှင့် နှစ်နိုင်ငံ အကျိုးတူ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်”ဟု မြန်မာအစိုးရ သတင်းဌာနများက ဆိုသည်။ အဆိုပါ ခရီးစဉ် နှင့် ဟီလာရီ ကလင်တန်၏ မြန်မာပြည်နှင့် ပတ်သက်သည့် မှတ်ချက် တို့ကြောင့် အမေရိကန်၏ မြန်မာပြည် အရေး မူဝါဒ အပြောင်းအလဲ ဖြစ်မည် ဟူသော တွက်ချက်မှုများ၊ ကောလာဟလများ ထွက်ပေါ်လာသည်။

ယခုလ ၁ ရက်နေ့တွင် အမေရိကန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဂျင်စတိုင်းဘတ်က မြန်မာပြည် ပြဿနာ ဖြေရှင်းရာတွင် “အပြု သဘော ဆောင်ပြီး၊ ပူးပေါင်း ဆောင်ရွက်သည့် ချဉ်းကပ်မှုမျိုးကို လိုလားသည်” ဟု ဝါရှင်တန်မြို့ အမျိုးသား အာရှ ရေးရာ သုတေသန ဌာနတွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတခု၌ ပြောလိုက်သည်။

မြန်မာ့အရေး ကြားဝင် ဖြေရှင်းရာတွင် မြောက်ကိုရီးယား နျူကလီးယား အရေးအတွက် နိုင်ငံတကာက ခြောက်ပွင့်ဆိုင် ညှိနှိုင်း ဆွေးနွေးကြသည့် နည်းလမ်းကို အသုံးပြုရန် စဉ်းစားနေသည် ဟုလည်း ဆိုသည်။

အကဲခတ် တချို့က ခြောက်ပွင့်ဆိုင် နည်းလမ်းသည် အလုပ် ဖြစ်နိုင်ချေ ရှိသော်လည်း မြောက်ကိုရီးယား အရေးကို ထိုနည်းဖြင့် ဖြေရှင်းရာတွင် အောင်မြင်မှု မရသေးကြောင်း ထောက်ပြကြသည်။

နေပြည်တော်မှ ဗိုလ်ချုပ်ကြီးများကလည်း အမေရိကန်အစိုးရနှင့် ဆက်ဆံရေး ကောင်းမွန်လိုသည်။ ဆက်ဆံရေး အဆင်ပြေရန် အတွက်မူ အတားအဆီးများက ရှိနေသေးသည်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးသမား ၂၁ဝဝ ကျော်ကို ဖမ်းဆီးထားပြီး၊ ၎င်းတို့ကို ပြန်လွှတ်ပေးမည့် အရိပ် အယောင်လည်း မတွေ့ရသေးပေ။ စစ်မှန်သည့် နိုင်ငံရေး အပြောင်း အလဲ ပြုလုပ်မည့်ပုံလည်း မရှိသေးပေ။

အမေရိကန် ပြည်ထောင်စုက မြန်မာပြည်တွင် နိုင်ငံရေးသမားများ၊ ရဟန်းသံဃာများ၊ ကယ်ဆယ်ရေး လုပ်သားများ ထောင်နှစ်ရှည် ချမှတ်ခံရမှုကို စိုးရိမ်ပူပန်သည်ဟု အမေရိကန်ပြည်ထောင်စု၊ Temple တက္ကသိုလ်၊ အာရှ လေ့လာရေး ဌာနမှ ပါမောက္ခ ဂျက်ဖ်ကင်စတန်က ပြောသည်။

အမေရိကန်၏ မူဝါဒ ပြောင်းလဲရခြင်း၏ အကြောင်းရင်း တခုမှာ တရုတ်နိုင်ငံက မြန်မာပြည်အပေါ် သြဇာလွှမ်းမိုးမှု ကြီးမားလာခြင်းကို ဟန်ချက် ထိန်းပေးရန် ဖြစ်သည်။ မြန်မာနိုင်ငံက အိန္ဒိယ သမုဒ္ဒရာအတွင်း ဗျူဟာကျသည့် နေရာတွင် ရှိနေသည်။ မြန်မာပြည်၏ လူ့အခွင့်အရေး နှင့် ဒီမိုကရေစီအရေး တို့ကြောင့် အမေရိကန်က နှစ်ပေါင်း ၂ဝ ကြာ ခပ်ခွာခွာ ဆက်ဆံလာခြင်း ကြောင့်လည်း မြန်မာပြည်တွင် တရုတ် နိုင်ငံ၏ သြဇာ ပိုမို သက်ရောက်သွားခဲ့သည် ဟု အကဲခတ်တချို့က သုံးသပ်ကြသည်။

အခြားတဘက်တွင်လည်း အကဲခတ် အများအပြားက အာဏာရှင်အစိုးရများနှင့် ဆက်ဆံရေး မူဝါဒကို ပြန်လည် သုံးသပ်မည့် အိုဘားမား၏ အစီအစဉ်ကို သံသယ ရှိနေကြသည်။ အာဏာရှင်တို့နှင့် ဆက်ဆံရာတွင် ပျော့ပြောင်းသည့် မူဝါဒဖြင့် ချဉ်းကပ်ပါက မြန်မာ၊ မြောက်ကိုရီးယား၊ ဆူဒန် ကဲ့သို့သော ဆိုးရွားသည့် အာဏာရှင်တို့ကို တရားဝင် အသိအမှတ်ပြုရာ ရောက်သွားနိုင်သည်ဟုလည်း သတိပေးကြသည်။

“အမေရိကန်က မြန်မာပြည်နဲ့ ဆက်ဆံသင့်ပါတယ်။ ဒါပေမယ့် ဖြစ်စေချင်တဲ့ စိတ်ကူးတွေနဲ့တော့ မဆက်ဆံသင့်ပါဘူး” ဟု တောင်အာဖရိက အသားအရောင် ခွဲခြားမှု ဆန့်ကျင်ရေး လှုပ်ရှားမှု ခေါင်းဆောင် ဘုန်းတော်ကြီး ဒက်စမွန် တူးတူးက ဆိုသည်။ ယမန်နေ့က ထုတ်ဝေသည့် ဝါရှင်တန်ပို့စ် သတင်းစာ ဆောင်းပါးတခုတွင် ထိုသို့ ရေးသားလိုက်ခြင်း ဖြစ်သည်။

“ကျနော်တို့ အတွေ့အကြုံတွေအရ ဆိုရင် အကူအညီတွေပေးလိုက်ရုံနဲ့ မြန်မာပြည်က ဗိုလ်ချုပ်တွေ ပြောင်းလဲမှာ မဟုတ်ဘူး။ သူတို့က တခြား အာဏာရှင်တွေနဲ့ မတူဘူး။ တိုင်းပြည် ကောင်းစားဖို့ ထည့်တွက်တဲ့ သူတွေမှ မဟုတ်တာ” ဟု ဘုန်းတော်ကြီးက ဆိုသည်။

No comments: