Friday, April 24, 2009

ခလရ (၁၀၇) ပေါက်ပင်ကွင်းရွာကို မီးရှို့

HURFORM

ခြေလျင် တပ်ရင်း အမှတ် ၁၀၇ မှ နအဖ စစ်တပ်သည် ပေါက်ကွင်းရွာကို မွန်သူပုန်နိုင် ချမ်းဒိန်းအဖွဲ့နှင့် ပတ်သက်မှုရှိသည်ဟု စွပ်စွဲကာ ကျေးရွာကို မီးရှို့ ဖျက်စီး ခဲ့သည်ဟု ရွာသား များက ဆိုသည်။

နအဖ စစ်တပ် ခလရ (၁၀၇) မှ ဗိုလ်မှူးခင်မောင်ချင်း ဦးဆောင်သည့် အင်အား ၅၀ ပါ စစ်ကြောင်းသည် ရေဖြူမြို့နယ်မြောက်ပိုင်း ပေါက်ပင်ကွင်းကျေးရွာသို့ ဧပြီလ ၁၇ ရက်နေ့တွင် ရောက်ရှိလာပြီး အိမ်ခြေစုစုပေါင်း ၃၆ လုံးအား မီးရှို့ဖျက်စီးခဲ့သည်။ မီးရှို့ဖျက်စီးရသည့် အဓိကအကြောင်းအရင်းမှာ ပြီးခဲ့သည့်ဧပြီလ ၃ ရက်နေ့နှင့် ၇ ရက်နေ့ တွင် ဖြစ်ပွားခဲ့သော ခလရ ၁၀၇ တပ်ရင်းနှင့် "ချမ်းဒိန်း" ဦးဆောင်သည့် မွန်ခွဲထွက်ရေး အဖွဲ့အကြား အားပြိုင်မှု၏ နောက်ဆက်တွဲ ဖြစ်ရပ်များဟု ရွာသားများက ယူဆနေကြသည်။

“ဗိုလ်မှူးခင်မောင်ချင်း ဦးဆောင်သော နအဖ စစ်တပ်က အုပ်စုနှစ်စု ခွဲပြီး ရွာထဲဝင်လာ တယ်၊ အုပ်စုတစ်စုမှာ စစ်သား ၂၅ ယောက်လောက်ပါတယ်၊ ပြီးတော့ ရွာအနောက်ပိုင်း ဘုန်းကြီးကျောင်းနားက အိမ် ၃၆ လုံးကို မီးစပြီးရှို့တယ်၊ သေနတ်ဖောက်ပြီး အိမ်ပေါ်က လူတွေကို ဆင်းခိုင်းတယ်၊ တစ်ချို့ဆို ဘာပစ္စည်းမှ မသယ်နိုင်ဘူး၊ သူတို့ (နအဖ) တွေကို ကြောက်ပြီး အဝေးကို ထွက်ပြေးကြတယ်" ဟု ခလရ (၁၀၇) မှ ရွာသားပိုင် အိမ်ခြေများအား မီးတင်ရှို့မှုများကို ကိုယ်တိုင်မြင်တွေ့ခဲ့သူ လူငယ်တစ်ဦးက ပြောသည်။

အခင်းဖြစ်ပွားရာနှင့် မနီးမဝေးရှိ ဘုန်းတော်ကြီးကျောင်းမှ ဦးပဉ္ဇင်းတစ်ပါး၏ အဆိုအရ ယ္ခု မီးရှို့မှုဟာ မွန်သူပုန်အဖွဲ့ ချမ်းဒိန်းနဲ့ ပတ်သက်မှုရှိကြောင်း ယ္ခုလို ထင်မြင်ချက်ပေးသည်။

"ဦးပဉ္ဇင်းအထင်ကတော့ ပြီးခဲ့တဲ့ နှစ်ရက်နေ့က လူသတ်မှုတွေ ဒီအုပ်စု နှစ်စုလုံးရဲ့ အားပြိုင် မှုကြောင့် ဖြစ်ခဲ့တယ်၊ အဲဒီနောက်ပိုင်း ခင်မောင်ချင်းက ရွာသားတွေကို သူပုန်တွေ့တိုင်း သူပုန်ဝင်ထွက်တိုင်း သတင်းပို့ရမယ်လို့ အမိန့်ပေးထားခဲ့တယ်၊ ဒီမီးရှို့မှုဟာ သူပုန်နဲ့ ရွာသားအကြား အဆက်အသွယ်ရှိတာတွေကို သတင်းရလို့ မီးရှို့ဒဏ်ခတ်တာ ဖြစ်နိုင်တယ်" ဟု မိန့်ကြားခဲ့သည်။

ပြီးခဲ့သော ဧပြီလ ၃ ရက်နေ့တွင် ၄င်းတပ်ရင်းမှူးပင် ဦးဆောင်ပြီး ကျေးရွာကော်မတီနှင့် အ တွင်းရေးမှူးစုစုပေါင်းနှစ်ဦးကို သူပုန်အဖွဲ့၏ လူများအဖြစ် စွပ်စွဲပြီး ပစ်သတ်ခဲ့ပါသည်။ နောက်ပိုင်းတွင် ခင်မောင်ချင်းဦးဆောင်သည့် နအဖ ခလရ (၁၀၇) မှ စစ်ကြောင်းနှစ်ကြောင်းခွဲ၍ သင်္ကြန်မတိုင်ခင်နှင့် နှစ်ဆန်းတစ်ရက်နေ့များမှာ နယ်မြေရှင်းလင်းရေးများကို ပေါက်ပင်ကွင်း ကျေးရွာတစ်ဝိုက် တရစပ်ပြုလုပ်ခဲ့ကြောင်း ရွာသားများကဆိုသည်။

မီးရှို့ခံခဲ့ရသည့် အိမ်ခြေ ၃၆ လုံးထဲမှ ၁၇ လုံးသည် လုံးဝပြာကျသွားခဲ့ပြီး ကျန်သည့် ၁၉ လုံးတွင် တစ်ဝက်တစ်ပျက် ပျက်စီးခဲ့ကြောင်း ဆိုသည်။ ရွာမီးရှို့ခံရပြီး အိုးမဲ့အိမ်မဲ့ ရွာသူရွာသားများကို အနီးအနားရှိ ဘုန်းတော်ကြီးကျောင်းတွင် နှစ်ဆန်း ၂ ရက်နေ့က ခိုလှုံပြီးနောက်ပိုင်း တခြားတစ်နေရာသို့ ပြောင်းရွှေ့ထွက်ခွါသွားကြကြောင်း ဦးပဉ္ဇင်းတစ်ပါးက ဆိုသည်။

"အခြေအနေတော်တော်ဆိုးတယ်၊ အခုရွာက လူတွေအတော်ထိတ်လန့်နေကြပြီး ဘာမှမ လုပ်ကြတော့ဘူး၊ မီးရှို့ခံခဲ့ရတဲ့ ရပ်ကွက်က ဦးပဉ္ဇင်းတို့နဲ့နီးတော့ ဆွမ်းကွမ်းကိစ္စ တော် တော်ခက်သွားတယ်၊ အခုဦးပဉ္ဇင်းတို့ကိုယ်တိုင် ချက်ပြုတ်ပြီး ဘုန်းပေးနေရတယ်" ဟု မိန့် သည်။

ဧပြီလ နှစ်ရက်နှင့် ၃ ရက်အတွင်း ကျေးရွာလူကြီးအပါအဝင် ၄ လောင်းပြိုင် သတ်ဖြတ်ခံရ ပြီးနောက်ပိုင်းကျေးရွာလူကြီးအသစ် မရွေးမီ ယ္ခုကဲ့သို့ မီးရှို့မှုထပ်မံဖြစ်ပွား သောကြောင့် ရွာသားများအနေဖြင့် ပေါက်ပင်ကွင်းရွာကိုစွန့်၍ ပိုမိုလုံခြုံသည့်နေရာကို ပြောင်းရွှေ့ရန် သာ ရှိတော့ကြောင်း ရွာသားများက ပြောဆိုနေကြသည်။

No comments: